လုပ်ငန်းသုံး ရဟတ်ယာဉ်များ မြန်မာနိုင်ငံဈေးကွက် လာရောက်မိတ်ဆက်မည်


ရဟတ်ယာဉ်ထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Airbus Helicopters ကုမ္ပဏီက ပုဂ္ဂလိက လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် EC130 အမျိုးအစား ရဟတ်ယာဉ်ကို မြန်မာနိုင်ငံ ၌ ရက်ပိုင်းအတွင်း လာရောက်မိတ်ဆက်မည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်း ရရှိသည်။

‘‘သူတို့ကုမ္ပဏီက ထုတ်တဲ့ ရဟတ်ယာဉ်တွေကို မြန်မာနိုင်ငံမှာလာပြီးတော့ စွမ်းရည်ပြ မိတ်ဆက်မှာပါ။ လာပြီးကြေညာတဲ့ သဘောပါပဲ။ ဒီရက်ပိုင်းအတွင်းမှာ လုပ်ဖြစ်မှာပါ’’ဟု လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည်။

ယခုမိတ်ဆက်မည့် ရဟတ်ယာဉ်အမျိုးအစားမှာ ရန်ကုန်မှ နေပြည်တော်နှင့် ငွေဆောင်မြို့တို့ကိုသွား လျှင် နှစ်နာရီခန့်သာကြာမြင့်မည်ဆိုသည်။ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ရဟတ်ယာဉ်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ် အသိအမှတ်ပြု အမျိုးအစားတစ်ခုလည်းဖြစ်ကြောင်း Airbus Helicopters ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ရဟတ်ယာဉ်များကို ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံမှထိပ်တန်းခေါင်းဆောင်များအတွက် အရေးကြီးခရီးစဉ်များတို့တွင်လည်း အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ရေး လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများအား စိစစ်ခွင့်ပြုရန် ပြည်တွင်းလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။

7daydaily

မှတ်ချက်များ