![]() |
| အလုံမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင် တစ်ဆိုင်တွင် ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ရှုနေသူများကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) |
ရန်ကုန်မြို့အတွင်း ဘောလုံးပွဲကာလ၌ ဘောလုံးပွဲကြည့်သူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေသဖြင့် လုံခြုံရေးတိုးမြှင့်ထားရန်ကုန်မြို့အတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲ ကာလနှင့် မိုးရာသီကာလအတွင်း ခိုက်ရန်ဖြစ်မှုနှင့် ခိုးမှုဖြစ်စဉ်များ ဖြစ်ပွားနေမှုကြောင့် လုံခြုံရေးဆောင်ရွက်နေပြီး ဘောလုံးလောင်းကစား ဒိုင်များကိုလည်း ဖမ်းဆီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက် နံနက်ပိုင်း တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း နေရာအများစုတွင် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားဆိုင်များတွင် ဘောလုံးပွဲစဉ်များကို ညပိုင်းအချိန်မှ အရုဏ်တက်ချိန်အထိ ကြည့်ရှုသူများရှိနေပြီး ဘောလုံးပွဲကြည့်သူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိနေကြောင်း သိရသည်။
ထို့ပြင် ယခုမိုးရာသီကာလမှာ ခိုးမှုနှင့် လုယက်မှု ဖြစ်စဉ်များဖြစ်ပွားမှု ပိုမိုများပြားသည့် ကာလဖြစ်သဖြင့် လှည့်ကင်း၊ ပတ်ကင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
“အခုမိုးရာသီလည်းဖြစ်တယ်။ ဘောလုံးပွဲကာလလည်းဖြစ်တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ညပိုင်းအချိန်တွေမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ၊ ခိုးမှုဖြစ်စဉ်တွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေကို မဖြစ်စေဖို့ လှည့်ကင်းပတ်ကင်းတွေကို တိုးမြှင့်ဆောင်ရွက်ထားတယ်။ မသင်္ကာသူတွေကိုလည်း ခေါ်ယူပြီး စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး က ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အလားတူ ဘောလုံးပွဲကာလအတွင်း လောင်းကစားပြုလုပ်သူများ များပြားလာသဖြင့် ဖမ်းဆီးမှုများကိုလည်း တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“လုံခြုံရေးအရလည်း တိုးမြှင့်ဆောင်ရွက်ထားတယ်။ ဒါ့ပြင် ဘောလုံးပွဲ လောင်းကစားဒိုင် တွေကိုလည်း ဖမ်းဆီးနေတယ်။ မနေ့ကဆိုရင် မြောက်ဥက္ကလာက ဒိုင်တွေကို ဖမ်းဆီးလိုက်တယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ဇွန် ၁၉ ရက်တွင် ပြောကြားသည်။
ဝင်းမြင့်ကျော် | EMG

မှတ်ချက်များ