လမ်းပြောင်းပြန် မောင်းနှင်နေသည့် စည်းကမ်းပျက် ယာဉ်မောင်းများကို မော်တော်ယာဉ် နည်းဥပဒေအပြင် အခြားပုဒ်မနှစ်ခုဖြင့် ထပ်မံအရေးယူမည်

ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီး လမ်းပြောင်းပြန်မောင်းနှင်နေသည့် ဘီအမ်ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်းဒေကြီးအတွင်း ပြေးဆွဲမောင်းနှင်နေသည့် ယာဉ်များအနက်မှ လမ်းပြောင်းပြန် မောင်းနှင်နေ သည့် စည်းကမ်းပျက် ယာဉ်မောင်းများကို မော်တော်ယာဉ် နည်းဥပဒေအပြင် အခြားဥပဒေပုဒ်မ နှစ်ခုတို့ဖြင့် ထပ်မံအရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိ ရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမောင်းနှင်နေသော ယာဉ်များအနက်မှ မော်တော်ယာဉ် အစီးရေ ပျမ်းမျှ ၄၀၀ ကျော်ကိုလည်း စည်းကမ်းပျက် မောင်းနှင်နေမှုများကြောင့် နေ့စဉ်အရေးယူမှု များ ပြုလုပ်နေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

အသစ်ဖွဲ့စည်းထားသည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့မှ မေ ၁ ရက်မှ စတင်ကာ စည်းကမ်း မဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးခဲ့ပြီး မီးနီဖြတ်မောင်းခြင်း၊ လမ်းပိတ်ရပ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း ယာဉ်လိုင်စင်မပါဘဲ မောင်းနှင်နေမှု အများဆုံး ပါဝင်နေကြောင်း သိရသည်။

လမ်းပြောင်းပြန် မောင်းနှင်သည့် စည်းကမ်းပျက် ယာဉ်မောင်းများကို မော်တော်ယာဉ် နည်းဥပဒေအရ အရေးယူသွားမည့်အပြင် စည်ပင်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အများပြည်သူလမ်းတွင် မဆင် မခြင် မောင်းနှင်မှုဖြင့် ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပျမ်းမျှတစ်နေ့ကို စည်းကမ်းမဲ့ယာဉ် ၄၀၀ ကျော်လောက် အရေးယူနေရ တယ်။ အခုလ ၁၃ ရက်ကနေ ၁၆ ရက်အထိ စည်းမဲ့ယာဉ် ၁၃၀၀ ကျော်ကို အရေးယူခဲ့ရတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဇွန် ၁၇ ရက်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ စည်းကမ်းပျက်ယာဉ်များကို ထိရောက်စွာ ဖမ်းဆီးစစ်ဆေး အရေးယူနိုင်ရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့အပြင် ယာဉ်ကြောကျပ်တည်းသည့် နေရာများအား အမြန်ဆုံး လမ်းကြောင်းရှင်းလင်းပေးရန်အတွက် လမ်းကြောင်းရှင်းလင်းရေးအဖွဲ့ကို အသစ်ဖွဲ့စည်းထားပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

လမ်းပြောင်းပြန်မောင်းနှင်ပြီး စည်းကမ်းဖောက်ဖျက်နေသည့် ယာဉ်အများစုမှာ ခရီးသည်တင်ယာဉ် များဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်ကျော် | EMG

မှတ်ချက်များ