သရုပ်ဆောင် ဘုန်းသိုက်အား တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားသည်ကို ဘုန်းသိုက်က ၎င်းမသိရှိဟုဆို
သရုပ်ဆောင်မော်ဒယ် ဘုန်းသိုက်အား တာဝန်ဝတ္တရားနှေင့်ယှက်မှုဖြင့် အမှတ် ၃၂ ပုဇွန်တောင် ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးက တရားလိုပြုလုပ် တိုင်တန်းကာ ပုဇွန်တောင် မြို့မရဲစခန်းတွင် ဇွန် ၂ ရက်က အမှုဖွင့် ထားကြောင်း သိရသည်။
သရုပ်ဆောင်ဘုန်းသိုက်က“ကျွန်တော့်ကို တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ထားတယ်ဆိုတာ လုံးဝမသိသေးပါဘူး။ ကျွန်တော့်ဆီကိုလည်း မဆက်သွယ်သေးပါဘူး။ ဒါကြောင့် ကျွန်တော့်အနေ နဲ့ လောလောဆယ် ဘာမှပြောစရာမရှိသေးပါဘူး” ဟု ဇွန် ၅ ရက်က ပြောကြားသည်။
ပြီးခဲ့သည့် မေ ၂၂ ရက်က ယာဉ်မရပ်ရနေရာဖြစ်သည့် ဗိုလ်တထောင်ဘုရားလမ်းမပေါ်တွင် သရုပ်ဆောင် ဘုန်းသိုက်၏ ကားမှာ အချိန်ကြာမြင့်စွာ ရပ်ထားသည့်အတွက် ကရိန်းကားဖြင့်ဆွဲကာ ၅၂ လမ်း ယာဉ်ထိန်းရုံးတွင် ခေတ္တထိန်းသိမ်းထားစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် သရုပ်ဆောင် ဘုန်းသိုက်က မိမိသဘောနှင့်မိမိ ပြန်လည်မောင်းယူသွားကြောင်း တရားလိုပြုလုပ် တိုင်တန်းခဲ့သည့် အမှတ် ၃၂ ပုဇွန်တောင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ညီညီလှိုင်က ဆိုသည်။
၎င်းက“ရန်ကုန်မြို့အတွင်းမှာ ယာဉ်မရပ်ရ လမ်းမကြီး ၇၇ လမ်းရှိတယ်။ အဲ့ဒီအထဲမှာ ဗိုလ်တထောင် ဘုရားလမ်းလည်းပါ ပါတယ်။ သရုပ်ဆောင်ဘုန်းသိုက်ရဲ့ကားက အဲ့ဒီလမ်းမမှာ အကြာကြီး ရပ်တန့်ထား တဲ့အတွက် ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ထိ စောင့်တယ်။
ပြီးတော့ ကျွန်တော်တို့ လုပ်ထုံးလုပ် နည်းအတိုင်း ကရိန်းနဲ့ဆွဲပြီးတော့ ၅၂ လမ်းရုံးမှာ ခေတ္တထိန်းသိမ်း ထားတယ်။အဲ့ဒီအချိန်မှာ သူကရောက် လာပြီး သူ့ကား ဘာအပြစ်ရှိလဲဆိုပြီး ပြန်ဆွဲယူသွားတယ်။ ရှင်စောပုကိုမပို့ခင် ကျွန်တော်တို့တာဝန်က မပြီးဆုံးသေးဘူး။ ဒီကြားထဲမှာ ခုလို သူ့သဘော နဲ့သူ ပြန်ယူသွားလို့ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဖွင့်ရတာပါ” ဟု ဇွန် ၅ ရက် က ပြောကြားသည်။
ဥာဏ်ဝင်းရှိန် | EMG

မှတ်ချက်များ