ကြိုက်သလောက်သာယူပေတော့
ရွှေသီးရေ… ပြီးခဲ့တဲ့ နားရက်က ပဲခူးအနောက်ခြမ်းက အုတ်ဖိုမြို့ လေးဆီရောက်သွားတယ်။ညီတွေ ညီမတွေက အစားငမ်းတဲ့ငါ့အတွက် မိုးဦးလေဦး ဖားတွေ၊ ကြွက်တွေ၊ ကြောင်တွေရပြီ အစ် ကိုလာပါဆိုတာနဲ့သွားဖြစ်တာ။ ထုံးစံအတိုင်း ရန်ကုန်မြို့ကထွက်ရင်ကိုပဲ စိတ်ချမ်းသာသွားပြီ။
လယ်ကွင်းစိမ်းစိမ်းတွေတစ်မျှော်တစ်ခေါ်မြင်ရရင်ကိုပဲ မွန်းကျပ်နေတာတွေ ပြေသွားတယ်။ ဟို ရောက်တော့ တောင်ပြောမြောက် ပြောလွတ်လွတ်လပ်လပ်နဲ့ စိတ် ကိုချမ်းသာလိုက်တာမှကွာ။
ညနေရောက်တော့ ငါ့ညီက လူတစ်ယောက်ဆီကိုဖုန်းဆက် ပြီးလှမ်းခေါ်တယ်။ အစ်ကိုနဲ့ စကား ပြောရအောင်တဲ့။ အဲဒီလူငယ်က အုတ်ဖိုမြို့မှာ လူမှုရေးလုပ်ငန်း တွေလုပ်နေတဲ့သူပေါ့။ ခေတ်မီ လာတဲ့ အချိန်မို့ သူတို့လက်ထဲမှာစမတ်ဖုန်းကိုယ်စီနဲ့ရန်ကုန်ကလူတွေလိုပဲ ဖုန်းတွေပွတ်ကုန်ကြ ပြီ။ ဖေ့စ်ဘွတ်ခ်တွေသုံးကုန်ကြပြီ။
ဟိုတုန်းကလို မြို့ကြီးပြကြီးတွေနဲ့ မကွာဟတော့ဘူး။ ဒါကြောင့်လည်း သတင်းပလင်းတွေဆို ခုဖြစ်ခုသိပေါ့။ နောက်သူတို့ကိုယ်တိုင်လုပ်တဲ့လူ မှုရေးလုပ်ငန်းတွေဆိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်တင်ကြ၊ ရှဲယ်ကြ၊ လိုက်ခ်ကြ၊ ကွန်းမန့်ရေးကြနဲ့ပေါ့ ။ဒါပေမဲ့ သူတို့နဲ့ စကားပြောမိတဲ့ အခါမှာတော့ စိတ်ပျက်လက်ပျက် ညည်းညူကြတယ်။‘‘လူတွေက ခက်တယ်အစ်ကို။ ဘယ်လိုပြောရ မှန်းကိုမသိတာ။ဖေ့စ်ဘွတ်ခ်ပေါ် မှာ အကောင်းတင်လည်းအောက် က ၀င်ဆဲသွားတာမျိုးကြုံရတယ်။
ခု ကျွန်တော်တို့ ၄၃၆ပြင်ဆင်ဖို့ လက်မှတ်ထိုးတဲ့ကိစ္စ လှုပ်ရှား တယ်။ ခက်တာကဘာသာရေးခု တုံးလုပ်တာတွေက မြို့မှာထက်ရွာမှာက ပိုဆိုးတယ်။ကျွန်တော်တို့မြို့မှာ ဆရာတော်တစ်ပါးလာဟော သွားတယ်။ ဘာသာခြားတွေက ဗမာမတွေကို မုဒိမ်းကျင့်တဲ့အကြောင်းပြောပြီး တို့ဘက်က တစ်ဂိုးပြန်သွင်းရင် ကျေနပ်ပြီလို့ ပြောတယ်။ဒါက တရားပွဲကြီးထဲ မှာပြောတာ။ လူတော်တော်များများက ဒါသံဃာတော်တစ်ပါးနှုတ် ကနေထွက်ရမယ့် စကားမဟုတ် ဘူးလို့ပြောကြတယ်။
ဒါပေမဲ့ရွာ တွေမှာက ဆရာတော်တွေသြဇာ က တော်တော်ကြီးတယ်။ ကျွန် တော်တို့ က သူတို့ကိုပေါ်တင်ကြီး ဆန့်ကျင်ပြီးတော့လည်း မပြောရဲ ဘူး။ တိုးတိုးတိတ်တိတ်လူတွေကို ကျိတ်ပြီး ရှင်းပြရတယ်။ အဲဒါ ဆ ရာတော်တစ်ပါးက ဖုန်းဆက်ပြီး လှမ်းဆဲသေးတယ်။ကျွန်တော့် ဖေ့စ်ဘွတ်ခ်ထဲမှာ လည်း ၀င်ဆဲ သွားတယ်’’တဲ့။ရွှေသီးရေ နိုင်ငံရေးကိစ္စတွေ ကတော့ မင်းနဲ့ငါပြောဖြစ်ဆိုဖြစ် နေလို့ မပြောတော့ပါဘူး။
ပုဒ်မ ၄၃၆ပြင်ဖို့ ကိစ္စကတော့ မြန်မာ နိုင်ငံသားစစ်စစ်ဆိုရင်ပြည်တွင်းမှာနေနေ ပြည်ပမှာပဲနေနေ ၄၃၆ ပြင်ဆင်ရေးကို ထောက်ကိုထောက်ခံရမယ်။ NLDကြောင့်၊ ၈၈မျိုးဆက်ကြောင့်ဆိုတဲ့ လူပုဂ္ဂိုလ်စွဲတွေ ခဏဖယ်ထား။ ပုဒ်မ ၄၃၆ကိုသေ သေချာချာဖတ်ကြည့်။ နားလည်သွားတာနဲ့ ဘယ်လိုမှလက်ခံလို့ မရဘူးဆိုတာ မင်းလည်းအသိသားပဲ။ ဒါက အသိဉာဏ်ရေချိန်ကိစ္စလို့များပြောရမလားပဲ။
ခုငါပြောချင်တာက မြန်မာ နိုင်ငံတစ်ဝန်းလုံးမှာ ပေါ်ပေါက် နေတဲ့ အရိုင်းအစိုင်းယဉ်ကျေးမှု အကြောင်းပဲ။ နယ်မြို့လေးတစ်မြို့မှာနေပြီး လူမှုရေးလုပ်သူလူ ငယ်တွေတောင်အဆဲခံရ၊ အကြိမ်းမောင်းခံရဆိုမှတော့ မီဒီယာ တွေမှာရေးသားနေကြတဲ့ စာနယ် ဇင်းဆရာတွေ၊ ကျော်ကြားသူ တွေဆို စဉ်းစားသာ ကြည့်ပေ တော့။ တစ်ရက်က စာရေးဆရာ တစ်ယောက်ရဲ့ ဆောင်းပါးလေး ကောင်းတာနဲ့ အင်တာနက်မှာ ဖတ်ကြည့်မိတယ်။ဆောင်းပါးပြီး လို့ အောက်က ကွန်းမန့်တွေဖတ် ကြည့်မိတော့ လားလား ဘောလုံး ပွဲထဲရောက်နေသလို ထင်ရတော့ တယ်။ ငါကတော့ အဲဒီမကြားဝံ့ မနာသာ ဆဲတာတွေကိုဖတ်ပြီးပြုံး မိတယ်။ အက္ကောသဘာရဒွါဇ ပုဏ္ဏားမျိုးများ တယ်အသက်ရှည် ပါလားလို့လေ။
ရွှေသီးရေ.. ပထမဆုံးစာရေး ဆရာတွေရဲ့ နိုင်ငံပြုဆောင်းပါး တွေကို ဖတ်ပြီး ဆဲကြဆိုကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင် ကြောင်းပြောချင်တယ်။ ဆဲတာက နောက်မှ စာကအရင်ဖတ်ကြည့် ရတာကိုး။ မကြိုက်ဘူးပြောပြီးဆဲ ဖို့ စာကိုအရင်ဖတ်ရတဲ့ဒုက္ခကမ သေးဘူးမှုတ်လား။
နောက်တစ်ခါ ညစ်ညမ်းလှတဲ့ စကားလုံးတွေကို ကိုယ့်ဦးနှောက်၊ ကိုယ့်နှုတ်ကိုဖြတ်ပြီးမှ အပြင်ကိုရောက် တာဆို တော့ မစင်ကိုငုံပြီး သူများကိုထွေး သလိုဆိုတဲ့ တရားတွေထဲက ဥပမာလေးကိုစဉ်းစား မိလို့ပေါ့။ ရွှေသီးရေ… စာနယ်ဇင်းသမားတွေ၊ စာရေးဆရာတွေဆိုတာကတော့ သူယုံကြည်တာကို တင်ပြဖို့ မွေးဖွားလာကြသူတွေလေ။ ဆဲတာဆိုတာလောက်နဲ့တော့ သူတို့ တွေးခေါ်တာတွေ၊ သူတို့ရေး သားနေတာတွေ ရပ်သွားမှာမှ မဟုတ်တာ။ ဆဲတာဆိုတာမပြောနဲ့ ။ အာဏာရှင်တွေက ခေါ်ပြီး ထုထောင်းတာတောင် ပြန်လွတ်လာရင် ကလောင်ပြန်ကိုင်ကြတဲ့အမျိုးကိုး။
ခေတ်ကာလရဲ့ အခြေအနေ အရသူတို့မြင်တာ၊ သူတို့တွေး တာကို စာမျက်နှာပေါ်တင်ပြကြ တယ်။ အမြင်မတူရင်လည်း ပြန် လည်တုံ့ပြန်စာတွေရေးပြီးဝေဖန် ကြမယ်။ ဒီလို နှစ်ဖက်ရေးထား တဲ့စာတွေ ဖတ်ရင်းနဲ့ပဲ စာဖတ်သူ က ပြဿနာတစ်ခုရဲ့ အခြေခံနဲ့ အမှန်တရားကိုရှာဖွေတွေ့ရှိ သွား နိုင်တယ်။ ဒါဟာအမြင်မတူသူ ဘက်နှစ်ဖက်စလုံးရဲ့ အတွေးတွေ၊အယူအဆတွေကိုသိခွင့်ရခြင်းရဲ့ အကျိုး ပဲ။ ငြင်းခုံခြင်းဟာ ပြဿ နာမဟုတ်ဘူး။ ငြင်းခုံခွင့်မရဘဲ အမြင်ကို ဆဲရေးစော်ကားတာက မှ ပြဿနာတစ်ခုဆီ ဦးတည်ခြင်း ပေါ့။
ရွှေသီးရေ.. မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်းအနည်းငယ်မျှသာအင် တာနက်လူမှုကွန်ရက်ကို သုံးစွဲနိုင် ကြတာပါ။ ပြောရမယ်ဆိုရင် ခေတ်ပညာတွေနဲ့ အလှမ်းကွာ ဝေးသူတွေမသုံးနိုင်ကြဘူးပေါ့။ ဒီလိုအင်တာနက်အသုံးပြုနိုင်တဲ့ ပညာ အဆင့်တစ်ခုရှိနေကြတဲ့လူမှုဝန်းကျင်မှာပဲ မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာမှုတွေ ထုထည်နဲ့ ချီပြီးရှိနေတယ်ဆိုတာ တကယ့်ကို တို့မြန်မာတွေရဲ့ အမျိုးသားဂုဏ် ကို ထိခိုက်စေတာပါ။
အမျိုးကို စောင့်မယ်လို့ ကြွေးကြော်နေသူ တွေရဲ့ နှုတ်ထွက်စကားတွေကိုယ် တိုင်က အမျိုးကိုယုတ်စေ တာမျိုး တွေကို တွေ့လာရတော့လူမှုကွန် ရက်မှာ ဒီဓလေ့စရိုက်ဆိုးကတွင် ကျယ်လာပြီး ပြင်ပလူမှုဆက် ဆံ ရေးမှာလည်း ငါမကြိုက်တာပြော ရင် ဆဲဆိုတိုင်းထွာမယ်ဆိုတာ မျိုး တွေဖြစ်လာနိုင်တာပေါ့။
ဆရာကြီး ဦးအောင်သင်းတစ်ခါက ပြောဖူးတယ်။ အမျိုးယုတ်တယ်ဆိုတာ ဆင်းရဲချမ်းသာကွာခြားပြီး မွေး ဖွားလာတာကိုပြောတာမဟုတ်ဘူးတဲ့။ မိမိလက်ရှိအမျိုးထက် ယုတ်လျော့တဲ့ဉာဏ်ဝီရိယမျိုးကိုပြောတာတဲ့။ ခုကောတို့တွေရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေဟာ မြန်မာဆိုတဲ့ငါတို့ ဘိုးဘွားမိဘတွေရဲ့ အမျိုးကိုများယုတ်လျော့သွား စေပြီလား။ ပြောရရင်အမျိုးယုတ်တွေများ ဖြစ်ကုန်ပြီလားလို့ပေါ့။
ရွှေသီးရေ..ဆဲသံဆိုသံတွေ ကြားကပဲ နိုင်ငံ့အနာဂတ်၊ လူ့အ ဖွဲ့အစည်းရဲ့ အနာဂတ်ကိုလှပစေ ချင်တဲ့ မီဒီယာတွေ၊ စာနယ်ဇင်း စာရေးဆရာတွေဟာ သူတို့ထင် မြင်ယူဆချက်တွေကို ဆက်လက် ရေးသားနေဦး မှာပါပဲ။ ပြန်လည် ငြင်းခုံတာကို စိတ်ရှည်လက်ရှည်ပြုံးပြုံးလေးနားထောင်ဖြေရှင်းဖို့ ၀န်မလေးသလိုဆဲရေး တိုင်းထွာမှုတွေကိုလည်း ပြုံးပြုံးလေးနဲ့ပဲ ဥပေက္ခာပြုကြဦးမှာပဲ။ သူတို့တွေ အားလုံးဟာ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာကျင့်ကြံကြတဲ့ တကယ့်အမျိုးစောင့်သူတွေဖြစ်ကြတာကိုး။
အခါတစ်ပါး ဗုဒ္ဓသီတင်းသုံး ရာ နေရာကို ပုဏ္ဏားတစ်ယောက် ရောက်လာပြီး ဗုဒ္ဓကိုအကြမ်းတမ်းဆုံး၊ အရိုင်းစိုင်းဆုံးစကား လုံးတွေနဲ့ ဆဲရေးတိုင်းထွာသတဲ့။ ဗုဒ္ဓကတော့ ဆိတ်ဆိတ်ပဲနေတော် မူသတဲ့။ ကြာတော့ ဆဲနေတဲ့ ပုဏ္ဏားကိုယ်တိုင် အံ့သြလာပြီး ဗုဒ္ဓကို မေးလျှောက်တော့တယ်။
ဒီ လောက်ဆဲဆိုနေတာဘာမှမဖြစ် ဘူးလားပေါ့။ ဒီတော့မှ ဗုဒ္ဓက ပုဏ္ဏား သင့်အိမ်ကို ရပ်ဝေးကဆွေ မျိုးတွေလာဖူးသလားလို့မေးသ တဲ့။ ပုဏ္ဏားကလည်း လာဖူးပါတယ်ပေါ့။ အဲဒီလိုဧည့်သည်တွေ လာတဲ့အခါ သင်က လက်ဆောင် ပစ္စည်းတွေ မပေးဘူးလားဆို တော့ ပေးပါတယ်လို့ ပြန်ဖြေလိုက်တယ်။ ပုဏ္ဏား သင်ပေးတဲ့ပစ္စည်းတွေကို သူတို့ကလက်မခံဘူးဆိုရင် ဘယ်သူပြန်ရလဲ ပုဏ္ဏားဆိုတော့ ကျွန်ုပ်ပဲရတာပေါ့တဲ့။အဲဒီလိုပဲ ပုဏ္ဏား သင့်ရဲ့ဆဲရေးတိုင်းထွာမှုတွေကို ငါမယူဘူးလို့ ဗုဒ္ဓက မိန့်သတဲ့။
ရွှေသီးရေ.. အဲဒီပုဏ္ဏားကို စာပေကျမ်းဂန်တွေမှာတော့ အက္ကောသဘာရဒွါဇလို့ ဖော်ပြ တယ်။ အက္ကောသဆိုတာ ဆဲရေး တိုင်းထွာခြင်းလို့ အဓိပ္ပာယ်ရ တယ်။ ခုလည်း ငါတို့ရဲ့ အဆဲသန် တဲ့ အက္ကောသအနွယ်ဝင်မိတ်ဆွေကြီးများကို ပြောလိုက်စမ်းပါ။ ကြိုက်သလောက်ပေး…။ တို့ကတော့မယူလို့။။
7day

မှတ်ချက်များ