ကလေးတယောက် တက်ဘလက်တလုံး စီမံကိန်း ထိုင်းမှာဖျက်သိမ်း


စစ်တပ် အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေ အများအပြားထဲက တခုကိုတော့ ကလေးတွေ ကြိုက်ကြမယ် မထင်ပါ။

အဲဒီ အပြောင်းအလဲကတော့ … ကလေးတယောက် တက်ဘလက်တလုံး ဆိုတဲ့ အစီအစဉ်ကို အာဏာ သိမ်း စစ်ကောင်စီ အုပ်ချုပ်တဲ့ ကာလမှာ နားခိုင်းလိုက်ခြင်းပါ။

ဒီအကြောင်း ထိုင်းအခြေစိုက် အင်္ဂလိပ်သတင်းစာတွေမှာ ရေးနေကြပါပြီ။

ဒီစီမံကိန်းထဲက ဘတ်ဂျက်ကို ပညာရေးဌာနမှာပဲ ဆက်သုံးမယ်၊ ကလေးတွေအတွက် ပိုပြီး အသုံးတည့် မယ့် အစီအစဉ်တွေမှာ သုံးပါမယ် တဲ့။

တက်ဘလက်စီမံကိန်းမှာ အားနည်းချက် အများအပြား ရှိနေတယ်လို့ ဆိုတယ်။ ဆရာ ဆရာမတွေဆီက တိုက်ရိုက် သင်ယူလို့ရနေတဲ့ အခြေအနေမှာ အဓိက သင်ထောက်ကူပစ္စည်းအဖြစ် တက်ဘလက်ကြီးကို သုံးမနေသင့်ဘူးလို့လည်း ဆိုတယ်။ကြာကြာသုံးရင် ကလေးတွေမျက်စိထိမယ်ဆိုတဲ့အချက်လည်းသတင်း ထဲ တွေ့ပါတယ်။

ဖြစ်လာနိုင်ခြေတခုကတော့ ကျောင်းတွေမှာ smart classroom ဆိုတာကို လုပ်ကြဖို့ပါပဲတဲ့။အဲဒီမှာ ကွာလ တီကောင်းမယ့် တက်ဘလက် ကွန်ပြူတာပြားတွေ ရှိမယ် ဆိုပါစို့။ အဲဒီ ကွာလတီကောင်းမယ့် တက်ဘ လက် တခု ဆိုတာရဲ့ ဈေးနှုန်းက ဒေါ်လာ သုံးရာ နီးပါး ဖြစ်ပါလိမ့်မယ် လို့ The Nation သတင်းစာ အွန်လိုင်းသတင်းတပုဒ်မှာ ဖတ်ရပါတယ်။

ပညာရေးဌာန အရာရှိကြီးတယောက်ကို ကိုးကားပြီး သတင်းမှာ ဆက်ရေးထားတာက … ထိုင်းမှာ ရှိတဲ့ ကျောင်းဆရာ ဆရာမပေါင်း ၇ သိန်း ရှိတယ်၊ သူတို့ထဲက ထက်ဝက်ကျော်က အသက် ၅၀ ကျော်နေ ကြပြီ၊ ခေတ်ပေါ် အိုင်တီပစ္စည်းတွေနဲ့ ကျင့်သား မရကြဘူးလို့ ဆိုတယ်။

ထိုင်းနိုင်ငံထဲက နယ်စပ်ဒေသ မြန်မာကျောင်းတချို့ကိုလည်း တက်ဘလက်တွေ ချပေးခဲ့ပါတယ်။
ကလေးတယောက် တက်ဘလက်တလုံး ဆိုတဲ့ အစီအစဉ်ကို ထိုင်းမှာ မကြာသေးခင်နှစ်များအတွင်း ဖုယာ့ထိုင်းပါတီအစိုးရ လက်ထက်မှာ အစပြုခဲ့တာပါ။

ဒီကနေ့ အွန်လိုင်းထဲရောက်လာတဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာတော့ smart classroom ဆိုတဲ့ အစီအစဉ်ကို အတည်ပြုလိုက်ပြီလို့ ဆိုတယ်။ ကျောင်းတိုင်းမှာ smart classroom ရှိမယ် တဲ့။ အဲဒီအခန်း တခန်းကို ဘတ် နှစ်သိန်းခွဲဝန်းကျင် ကျသင့်ပါမယ်။ဒေါ်လာနဲ့ဆို ရှစ်ထောင်၊ မြန်မာကျပ်နဲ့ဆို ၇၅ သိန်းခန့် ရှိတဲ့ ငွေပမာဏပါ။

ဒါကတော့ ထိုင်းနိုင်ငံရဲ့ အပြောင်းအလဲများစွာထဲက တခုအကြောင်း ဖောက်သည်ချလိုက်ခြင်းဖြစ်ပါတယ်။

irrawaddy



မှတ်ချက်များ