ဧည့်သည် အယ်ဒီတာအဖြစ် ပေါ်ပြူလာဂျာနယ် ၁၇ နှစ်ပြည့် အကြို ကာလ အထူးပြုသတင်းလွှာမှာ ပါဝင်အကြံပြုပေးဖို့ ပြောလာတော့ အံ့သြဝမ်းသာ ရှိရပါတယ်။ ထက်ထက် ပါဝင်အကြံပြုရမှာက အရေပြားပေါ်က အနုပညာ အလှတရားများနဲ့ တက်တူး အကြောင်းဆိုတော့ ပါဝင်ပတ်သက်ခွင့် ရတာကို ပျော်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက် ကိုယ်တိုင် တက်တူးကို မြတ်နိုး သဘောကျလို့ ထိုးထားဖြစ်တာရယ်၊ တက်တူး ဆိုတာ လွတ်လပ်စွာနဲ့ ကိုယ့်စိတ်ထဲရှိတာကို ခန္ဓာကိုယ်ပေါ်မှာ ဖော်ပြခွင့်ရတဲ့ အရာတစ်ခုမို့ပါ။
ဘယ်သူ့ကိုမှ မထိခိုက်ဘဲနဲ့ ကိုယ့်မြတ်နိုးတဲ့ပုံရိပ်၊ ကိုယ်ကြိုက်တဲ့ ပုံကို ကိုယ့်ရဲ့ ခန္ဓာကိုယ် အရေပြားမှာ အနာခံပြီးတော့မှ တင်ပြခွင့်ရှိတယ်။
တချို့ကတော့ တက်တူး ထိုးလိုက်တာကို မကြိုက်ဘူး။ အရင်က ရိုးရိုးနေပြီးမှ ဒါကိုထိုးဖြစ်တာ ဆိုတော့ ပရိသတ်က မကြိုက်ကြဘူး။ ဘယ်သူ့ကိုမှ စော်ကားခြင်းလည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ မလေးမစား လုပ်တာလည်း မဟုတ်ပါဘူး။ ပရိသတ်ကတော့ ချစ်လို့ပြောကြပေမယ့် ထက်ထက် ထိုးမိ သွားခဲ့တဲ့ အတွက်ပရိသတ်ကို တောင်းပန်တယ်။ ပရိသတ်ကလည်း ကိုယ့်ကို ချစ်လို့၊ စိုးရိမ်လို့ပြောကြတာလေ။ တက်တူး မထိုးခင်က ထိုးလိုက်ရင် မှားသွားမလားဆိုတဲ့ စိတ်ကတော့ရှိတယ်။
ဟိုအရင်တက်တူး မထိုးခင်ကတော့ နိုင်ငံခြားသွားရင်း အမြဲတွေ့တယ်။ တက်တူးကို အမျိုးမျိုးထိုးကြတယ်။ တချို့က သူတို့ မိသားစုပုံတွေကို ထိုးထားကြတယ်။ တချို့ကျတော့လည်း မိန်းကလေးတွေဆိုရင် အသည်း ပုံ လေးတွေ ပန်းပုံလေးတွေကို ထိုးထားကြတယ်။ အဲဒါလေးတွေကို ကြည့်ပြီး တော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလက စိတ်ဝင်စားခဲ့တယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့ မထိုးရဲဘူး။ အစက ကိုယ်ကိုယ် တိုင်လည်း မကြိုက်ခဲ့ဘူးလေ။ အဲဒါကြီးကို ထိုးလိုက်ရင် အသားနာမယ်ဆိုတဲ့ အသိနဲ့ပေါ့။ ဒါပေမဲ့တကယ် ထိုးမယ်ဆိုတဲ့အချိန်၊ စိတ်က အလိုအလျောက် အချိန်ကျလို့ ထိုးချင်တဲ့စိတ်ဖြစ်လာတော့ တားမရတော့ဘူး။ ထိုးချင်တဲ့ စိတ်ကြောင့် ထိုးနေရတဲ့ အပေါ်မှာ စိတ်ရဲ့လွတ်လပ်မှု ကြည်နူးမှု အဲဒါတွေ အကုန်လုံး ပေါင်းစပ်ပြီးတော့ ကိုယ့်ကိုယ် ကိုယ် ထိုးနေရတာနဲ့တင် ပျော်နေ တာ။ ကိုယ်ကြိုက်လို့ ကိုယ့်လွတ်လပ်မှုအရ ထိုးတာပဲလို့ ပြန်တွေးခဲ့ တယ်။
ဒီတက်တူးကို တက်တူး ပညာရှင် ကိုတွတ်ပီနဲ့ မန္တလေးမှာ ထိုးဖြစ်ခဲ့တာ။ ဘယ်ဘက် ခြေသလုံးပေါ်မှာ ထိုးဖို့ရွေးခဲ့တာက ပုံကိုကြီးတာ ထိုးချင်တာ။ ပုံသေးသေးထိုးလည်း နာမယ့် အတူတူတော့ သေးသေးဆိုရင် စိတ်ခံစားမှု သိပ်လွတ်လပ်မှာ မဟုတ်တော့ ကျယ်ကျယ်ပြန့် ပြန့်ထိုးလို့ရတဲ့ ခြေသလုံး မှာပဲ ထိုးဖြစ်ခဲ့တာ။ ဒီတစ်တောင်လောက်ရှိတဲ့ တက်တူးပုံကို ည ၈နာရီ ကနေ စထိုးလိုက်တာ ည၁၁ နာရီအထိ ရောက်သွား တယ်။ ထိုးထိုးချင်း တအားနာ တယ်။
ဒါပေမဲ့ ထိုးပေးတဲ့သူကလည်း သေချာစေ့စပ်တယ်။ ဘယ်လောက်ကြာမယ် ဆိုတာမျိုးလည်း မပြောထားပေ မယ့် စိတ်မပျက်သွားဘူး။ ထက်ထက်က တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ထားပြီးရင် ဘာမဆိုလုပ်ရင် ဆုံးခန်း တိုင်အောင် လုပ်တယ်။ မလုပ်ဘူးဆိုရင်လည်း လုံးဝမလုပ်ဘူး။ အခု ထက်ထက် ထိုးထား တဲ့ တက်တူး ပုံကို ဘာကြောင့် ရွေးထိုးဖြစ်ခဲ့လဲဆိုရင် တက်တူးပုံ ပန်းပုံ၊ အသည်းပုံလိုမျိုး နူးနူးညံ့ညံ့တွေကို မကြိုက်ဘူး။ ထက်ထက်က ယောက်ျားလေး ထိုးတဲ့စတိုင်ကိုပဲ ကြိုက်တယ်။ ဒီတက်တူးပုံက “မာယာ” လူမျိုးတွေရဲ့ ယဉ် ကျေးမှု တစ်ခုပုံစံပေါ့။ အမှန်ဆိုရင် အပြည့်ထပ်ထိုးရဦးမှာ။ ဆေးအရောင် ထည့်ရမယ်ဆိုတော့ ထက်ထက်က အရောင်မကြိုက်တာနဲ့ မလုပ်ဖြစ်သေးဘူး။ ပေါင်အထိ ဆက်ထိုးဖို့တော့ အစီအစဉ်ရှိတယ်။
လူငယ်တွေကို တက်တူး မထိုးနဲ့ဆိုတာမျိုးတော့ မပြောချင်ဘူး။ လူငယ်တွေ ကိုပြောချင်တာက တက်တူး ထိုးချင်ရင် ထိုးပစ်လိုက်။ ကိုယ့်ကိုယ်ကိုယ်ပဲပိုင် တာလေ။ ဘယ်သူကမှ ပိုင်တာမဟုတ်ဘူးလေ။ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာ ထိုးပိုင်ခွင့်ရှိတယ်။ တက်တူး ဆိုတာကို ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ထိုးပြီးသွား ပြီဆိုရင် ဖျက်လို့လည်းမရတော့ဘူး။ လိမ်ပြောလို့လည်း မရတော့ဘူး။ တက်တူးက ကိုယ့်ရဲ့စိတ်ကိုပြ တာပဲ ဖြစ်သွားပြီ။ ကိုယ်ဘယ်လိုတက်တူး ထိုးထားတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်တွေရှိတယ်။ ခံစားချက် ရှိတယ်။
ဟိုး အရင်တုန်းကတော့ တက်တူးဆိုရင် လူတွေက သိပ်စိတ်မဝင်စားကြဘူး။ စကားထဲတောင် သိပ်ထည့်မပြောကြဘူး။ အခု ခေတ်ရေစီးကြောင်း အရ တက်တူးတွေကို အနုပညာ လောကမှာပါ စိတ်ဝင်စားလာကြပြီဆိုတော့ “ခေတ်ရေစီးကြောင်းနှင့် အရေပြားပေါ်က အနုပညာ” အကြောင်း ပေါ်ပြူ လာနဲ့ အတူ ထက်ထက်တို့ချစ်တဲ့ ပရိသတ်ကြီးကို တက်တူးရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို တင်ဆက်ခွင့်ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်ရှင်။
ထက်ထက်မိုးဦး

မှတ်ချက်များ