ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်း လျှောက်လွှာများ ဇွန်လ ၂၄ တွင် မဲဖောက်မည်
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း လျှောက်လွှာ လျှောက်ထားသူများကို ဇွန်လ ၂၄ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မဲဖောက်ပေးမည်ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော အဆိုပါ ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းကို လျှောက်ထားသည့် အများပြည်သူ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီ ၀န်ထမ်း အသင်းအဖွဲ့ဝင်များ၏ လျှောက်ထားမှုကို စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Events Park ခန်းမတွင် နံနက် ၉ နာရီ၌ မဲဖောက်ပေးမည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဒုတိယ စီမံကိန်းဖြစ်သည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အတွင်းရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာကို မတ်လကုန်အထိ လျှောက်လွှာများ လက်ခံထားပြီး လက်ရှိအချိန်တွင် ၀ယ်ယူလိုသူများ၏ လျှောက်လွှာပေါင်း ၄၀၀ ကျော် လက်ခံထားကြောင်း သိရှိရသည်။
ထို့အပြင် ဧပြီ ၄ ရက်က မဲဖောက်ခဲ့သော ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းတွင် မဲမပေါက်ခဲ့သူများကိုလည်း အဆိုပါအိမ်ရာစီမံကိန်းတွင် ထည့်သွင်းမဲဖောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အရစ်ကျစနစ်ဖြင့် တည်ဆောက်သည့် အဆိုပါအိမ်ရာ စီမံကိန်းတွင် ဈေးနှုန်းအားဖြင့် သိန်း ၃၀၀မှ ၄၀၀ ကျော် ရှိနေသဖြင့် ဈေးနှုန်း လွန်စွာ ကြီးမြင့်နေသည်ဟု လည်း ဝေဖန်မှုများ ရှိနေခဲ့သည်။
ဗိုလ်မင်းရောင်တန်ဖိုးမျှတ အိမ်ရာတွင် အခန်းဈေးနှုန်းများမှာ အကျယ်အ၀န်းပေါ် မူတည်၍ ပုံစံအေ ၉၂၇ စတုရန်းပေအခန်း အတွက် ကျပ် ၃၄၇ သိန်း၊ ပုံစံဘီ ၈၈၇ စတုရန်းပေအတွက် ကျပ် ၃၂၉ သိန်း၊ ပုံစံဘီ ၆၁၄ စတုရန်းပေ အခန်းအတွက် ကျပ်သိန်း ၃၃၀ နှင့် ပုံစံဘီ ၅၆၅ စတုရန်းပေအတွက် ကျပ် ၂၃၇ သိန်းတို့ဖြင့် ရောင်းချမည် ဖြစ်သည်။
မဲပေါက်သူများအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာန၌ မဲပေါက်၊ မပေါက်ကို ကြည့်ရှုနိုင်သည်။
7day

မှတ်ချက်များ