ဘာသာကူးပြောင်းမှု ကန့်သတ်ထားသည့် ဥပဒေကြမ်းအပေါ် ကုလစိုးရိမ်



ကုလသမဂ္ဂ၏ လွတ်လပ်သော ကျွမ်းကျင်သူများက မြန်မာနိုင်ငံ ရှိ ဘာသာကူးပြောင်းမှုကန့်သတ် သည့် ဥပဒေကြမ်းကို ဖျက်သိမ်း ရန် ဇွန်လ ၂၀ ရက်တွင် တောင်းဆို တိုက်တွန်းလိုက်ကြောင်း ကုလသမဂ္ဂသတင်း ဌာန၏ သတင်းများအရ သိရသည်။

လူတစ်ဦးချင်း၏ အခွင့်အရေးများအရ ကိုးကွယ်ရာဘာသာကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (သို့မဟုတ်) ပြောင်းလဲပိုင်ခွင့်ရှိကြောင်းကိုလည်း ထောက်ပြထားသည်။

နိုင်ငံတော်သမ္မတက ယင်း ဥပဒေကြမ်းအပါအ၀င် မျိုးစောင့်ဥပဒေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယကထံ သ၀ဏ်လွှာပေးပို့ခဲ့သည်။ အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဘာသာရေးလွတ် လပ်ခွင့်၊ လူနည်းစုရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူများက သတိပေးလိုက်ခြင်းဖြစ် သည်။ သံဃာနှင့် လူထုထံမှ ဝေဖန်မှုများကို ဖိတ်ခေါ်ထားသည့် ယင်းဥပဒေကြမ်းတွင် ဘာသာပြောင်း ရန် လျှောက်လွှာတင်ခြင်းအစီအစဉ်နှင့် ဘာသာပြောင်းခွင့်ပြုခြင်းဖြစ်စဉ်တို့ကို အလွန်ခက်ခဲစွာပြင် ဆင်ထားသည်။

ယင်းအပြင် ယင်းဥပဒေချိုး ဖောက်သူများအပေါ် မျှတမှုမရှိ ဘဲ ကြီးလေးလွန်းသည့် ပြစ်ဒဏ် ချမှတ်ထားကြောင်း ကျွမ်းကျင်သူ သုံးဦး၏ သတင်းထုတ်ပြန်ချက်က ဖော်ပြသည်။ အချို့အပိုဒ်များက လည်း ရေရေရာရာမရှိလှဘဲ ဘာ သာရေး၊ လူမျိုးရေး (သို့မဟုတ်) မရှိဆင်းရဲသားများအပေါ် ခွဲခြား ဖိနှိပ်မှုများပြုလုပ်နိုင်သည့် ကိုယ် လိုရာဆွဲအဓိပ္ပာယ်ဖွင့်နိုင်သော ပြဋ္ဌာန်းချက်များဖြစ်သည်ဟု ဆိုသည်။

လူထုထံမှ ယင်းဥပဒေကြမ်း နှင့်ပတ်သက်ပြီး အကြံပြုဝေဖန် ချက်များတောင်းခံခြင်းမျိုးသည် နိုင်ငံရေးဖြစ် စဉ်တွင် လူထုအား ပါဝင်ခွင့်ပြုသည့် ကြိုဆိုသင့် သောလုပ်ရပ်အဖြစ် ဖော်ပြထားသည်။ သို့သော် ဤဖြစ်ရပ် တွင်မူ တစ်စိတ်တစ်ပိုင်းအားဖြင့် သတ်မှတ်ထားသည့် အစုအဖွဲ့တစ်ခုအတွက်သာ သီးခြားရည်ရွယ်သည့် လုပ်ဆောင်ချက်ဖြစ်ဟန်တူကြောင်း၊လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုကို ပျံ့နှံ့အောင်လုပ်ဆောင်သည့် ဖြစ် ရပ်ဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရက ယခုထက်ပို၍ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ဆိုထားသည်။

လူတစ်ဦးတစ်ယောက်၏ ဘာသာရေး (သို့မဟုတ်)ယုံကြည် မှုအခွင့်အရေးကို အစိုးရက ဝင်ရောက်စွက်ဖက် မှုသည် တရားနည်းလမ်းမကျသကဲ့သို့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနှင့်ကိုက်ညီ မှုမရှိကြောင်း ဘာသာရေးယုံ ကြည်မှုများ လွတ်လပ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးသံကိုယ်စား လှယ် ဟိုင်းနားဘီလာဖဲလ် က ပြောဆိုလိုက်သည်။

‘‘ဘာသာရေးလွတ်လပ်ခွင့် ဒါမှမဟုတ် ယုံကြည်မှုလွတ်လပ် ခွင့်ဟာ လူ့အခွင့်အရေးဖြစ်တယ်။ ဒါက အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဘာ မှမဆိုင်ဘူး။ ဘာသာရေးလွတ် လပ်ခွင့် ဒါမှမဟုတ် ယုံကြည်မှု လွတ်လပ်ခွင့် ကို လေးစားမှုဟာ ဒီလိုမှတ်ပုံတင်တဲ့လုပ်ရပ်တွေ ပေါ်မှာ မူတည်နေတာမဟုတ်ပါ ဘူး။ ဘာသာကူးပြောင်း မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့လုပ်ရပ်အပေါ်ကျွန်တော်အတော့်ကို စိတ်ပျက်မိတယ်’’

လူနည်းစုရေးရာဆိုင်ရာ အထူးသံကိုယ်စားလှယ် မစ္စရီတာ အီဆပ်ကလည်း ယင်းဥပဒေ ကြမ်းကြောင့် ဘာသာရေးလွတ် လပ်ခွင့်၊ ဘာသာရေးကိုးကွယ်ခွင့် နှင့် လူနည်းစုများ၏ အခွင့်အရေး အပေါ် ရိုက်ခတ်နိုင် မည့် အခြေ အနေများကို အထူးထောက်ပြ ပြောဆိုထားသည်။

‘‘နိုင်ငံတကာစံနဲ့အညီ သက် ဝင်ယုံကြည်တဲ့ဘာသာ၊ လူနည်း စုအခွင့်အရေးနဲ့ လူတိုင်းကိုယ် ယုံကြည်ရာ ဘာသာကို လွတ်လွတ်လပ်လပ် ကူးပြောင်းခွင့်အခွင့်အရေးတွေကို တားဆီးပိတ်ပင်တာမျိုးမလုပ်ဖို့ မြန်မာ ကို တိုက်တွန်းချင်တယ်’’

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးသံကိုယ်စားလှယ် ရန်ဟီလီက မြန်မာနိုင်ငံ၏ စိုးရိမ် ဖွယ်ရာ နောက်ပြန်လှည့်နေသည့် ဖြစ်ရပ်အချို့ကို ထောက်ပြသွား သည်။ ဒီမိုကရေစီကျသော နိုင်ငံ အဖြစ် ပြုပြင်ပြောင်းလဲနေသည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ခြောက်လအတွင်း ဖြစ်ပေါ်ခဲ့သည့် စိုးရိမ်ဖွယ်ရာ နောက်ပြန်လှည့်မှုများတွင် သတင်းသမားများနှင့် လှုပ်ရှားတက်ကြွသူများကို ဥပဒေမဲ့ထင်သလိုဖမ်းဆီးခြင်းနှင့် တရားစီရင်ခြင်းများပါဝင်ကြောင်း ထောက်ပြထားသည်။

လူမျိုးနှင့်ဘာသာကို ကာ ကွယ်စောင့်ရှောက်ရန်ဟူသော ယင်းဥပဒေကြမ်းသည် ‘‘လူ့အခွင့် အရေးကိုလေး စားပြီး ကာကွယ် စောင့်ရှောက်သည့် နိုင်ငံတကာ ၏တာဝန်သိသောအဖွဲ့ဝင်ဖြစ်လာမည့် လမ်းကြောင်းပေါ် မှ မြန်မာနိုင်ငံအနေဖြင့် လမ်းလွဲချော်သွားနိုင်သည့် လက္ခဏာဖြစ်ကြောင်း’’မစ္စလီက သတိပေး ပြောကြား ထားသည်။

ခင်မေဇော် | 7daydaily

မှတ်ချက်များ