Huawei ကုမ္ပဏီမှ ရောင်းချပေးနေသည့် နောက်ဆုံး ထွက်မိုဘိုင်းဟန်းဆက်များ ဈေးကွက်အတွင်း အတုများ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဈေး ကွက်တွင် ပပျောက်အောင် ဆောင်ရွက်သွား မည်ဖြစ်ပြီး တင်သွင်းရောင်းချသူများကိုလည်း ဥပဒေအရအရေးယူ ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းရရှိသည်။
Huawei ကုမ္ပဏီမှ ရောင်းချ ပေးနေသည့် Honor 3C မှာ လက်ရှိတွင် ပြည်တွင်းဈေးကွက် အတွင်း၌ အတုများဝင်ရောက်နေ ပြီး Huawei နောက်ဆုံးထွက် ဟန်း ဆက်များလည်း ပါဝင်လာကြောင်း Huawei ပြည်တွင်းရုံးချုပ် Device Business Department မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
‘‘ဟန်းဆက်အတုတွေဝင် လာတယ်ဆိုတာလည်း Service Center တွေမှာ လာပြီးပြင်တဲ့ အခါမှာ အဲဒီလိုဖုန်းတွေပါလာလို့ တွေ့တာ။ ဘယ်ကဝင်တယ်ဆို တာတော့ မသိသေးဘူး။ တရုတ် ထုတ်ဆိုတာပဲ သိသေးတယ်’’ဟု ၎င်းက ပြောသည်။
Honor 3C ဟန်းဆက်များ မှာ Huawei ပြည်တွင်းရုံးချုပ်မှ တရားဝင်တင်သွင်းရောင်းချနေ ရာ အလုံးရေသုံးသောင်းရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က ပစ္စည်းပြတ်လပ်သွားကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်း ဟန်းဆက်အတုများ ဝင်ရောက်နေခြင်းကြောင့် ဖုန်းအစစ်နှင့် အတုခွဲခြားနိုင်မည့် နည်းလမ်း များကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နောက်ပိုင်းတွင် Huawei ဟန်းဆက်အတုများတင်သွင်း ရောင်းချသည့် အရောင်းဆိုင်များ နှင့်ပတ်သက်၍ သတင်းအချက် အလက်ပေးပို့သူများကို ဆုချီး မြှင့်ခြင်း၊ ဟန်း ဆက်အတုများကို ဝင်ရောက်သိမ်းဆီးခြင်းနှင့် တင် သွင်းရောင်းချသူများကိုဥပဒေ အရ အရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ ထုတ်ပြန်သည်။
Honor 3C ဟန်းဆက်အစစ် မှာ အလေးချိန် 140 g ရှိကာ လက် ရှိထွက်ပေါ်နေသည့် ဟန်းဆက် အတုမှာ အစစ်ထက် သုံးပုံတစ်ပုံ ခန့် ပိုမိုလေးလံပြီးဆင်းမ်ကတ် အနေအထားပေါ်မူတည်၍ ခွဲခြားနိုင်ခြင်း၊ အစစ်တွင်ဖုန်း ကွန်ရက်3G နှင့် 2G ကို ခွဲခြား ဖော်ပြနိုင်သော်လည်း အတုတွင် 3G ကွန်ရက်တစ်ခုတည်းကိုသာ ဖော်ပြခြင်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အခြားသော အမျိုးအစား ဟန်းဆက်အတုများလည်းထွက်ပေါ်နေ၍ စုံစမ်းလျက်ရှိကြောင်း သတင်း ရရှိသည်။
ဆွေမွန် | 7daydaily

မှတ်ချက်များ