ပုသိမ်မှာဆန္ဒပြသူတွေအတွက် အစိုးရချပေးတဲ့နေရာ


ပုသိမ်မြို့မှာ ဆန္ဒပြမယ့်သူတွေအတွက် နေရာတခုကို အစိုးရက သီးသန့် နေရာပေးပါတော့မယ်။
အဲဒါက လူထုဟစ်တိုင် လို့ နာမည်ရလာမှာပါ။ ကန်သုံးဆင့်ပန်းခြံအနီးမှာရှိတဲ့ ဘောလုံးကွင်းထဲမှာ ရှိပါတယ်။

သို့သော်လည်း ဒီနေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနဲ့ ၁ မိုင်ခန့် ဝေးတဲ့ နေရာမှာ တည်ဆောက် ထားတာ ဖြစ်တဲ့အတွက် ဆန္ဒပြပွဲတွေကို လူမြင်ကွင်းက ဖယ်ရှားချင်တာလားဆိုတဲ့ မေးခွန်း ပေါ်ပေါက် လာပါတယ်။

ပုသိမ်မြို့ခံတဦးဖြစ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းရွှေက “အစိုးရအနေနဲ့ လူထုဟစ်တိုင်နေ ရာ သတ်မှတ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် နေရာက လူနေအိမ်ခြေမရှိတဲ့နေရာ ဖြစ်နေတယ်။
မြို့ထဲမှာ ဆန္ဒပြတဲ့အသံတွေ မကြားချင်လို့ အဝေးကို ပို့တဲ့သဘော ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။
ပြီးတော့ လူထုဟစ်တိုင်ထားပြီး ဆန္ဒပြခွင့်ပေးရုံတင် မဟုတ်ဘဲ ပြည်သူတွေတောင်းဆိုတဲ့ ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရင် ပိုပြီးကောင်းတဲ့ အစီအစဉ် ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

တိုင်းအစိုးရကတော့ ဒီနေရာဟာ ဆန္ဒပြဖို့အတွက် အင်မတန် သင့်လျော်တဲ့နေရာဖြစ်တယ်လို့ သဘောရပုံ ပါပဲ။လူပေါင်း ၃,ဝဝဝ ကျော် ဆန္ဒပြနိုင်တဲ့နေရာပါ။ တိုင်းဒေသကြီးအစိုးရ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းထွန်းက

“လမ်းသွားလမ်းလာတွေ ပွင့်ပွင်းလင်းလင်း မြင်လို့တွေ့လို့ရတဲ့နေရာ ဖြစ်တယ်။ ဆန္ဒထုတ်ဖော်သူတွေ ကလည်း မိမိတို့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်လို့ရတယ်။ ဆန္ဒပြခွင့်ကို ဥပဒေအတိုင်း လျှောက် ထားပြီး ကျလာတဲ့အခါ ဒီနေရာမှာ ခွင့်ပြုပေးသွားမယ်။ အခုလက်ရှိ တည်ဆောက်ရေးလုပ်ငန်းတွေ ကို ဒီလထဲမှာ အပြီးလုပ်ဖို့ စီစဉ်ထားတယ်” လို့ ဧရာဝတီကိုပြောပါတယ်။

မြို့ခံ လူမှုအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေအရ ဧရာဝတီတိုင်းဒေသကြီးအစိုးရက အကောင်အ ထည်ဖော် ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ရှင်းပြပါတယ်။

လူထုဟစ်တိုင်ပြုလုပ်ထားတဲ့ ဘောလုံးကွင်းဟာ မဟာဗန္ဓုလလမ်းနံဘေးပုသိမ်မြို့အဝင် ရွှေစင်လမင်း ဓာတ် ဆီ ဆိုင်အနီးမှာ တည်ရှိပါတယ်။ လက်ရှိမှာ ကွင်းအတွင်းအမြင့် ၅ ပေ၊ အကျယ် ၁၅ ပေခန့်ရှိ တဲ့ ဟောပြောစင်တခု တည်ဆောက်ထားတာ တွေ့ရပါတယ်။

ဒီတော့ … လူစည်ကားတတ်တဲ့ မြို့တော်ခန်းမ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ပြည်တော်သာမြို့မဈေးကြီးနှင့် ပုသိမ်ဆေးရုံကြီးအနီးမှာ ပြုလုပ်လေ့ရှိခဲ့ကြပေမယ့် ပုသိမ်ရဲ့ အနာဂတ် ဆန္ဒပြမှုတွေကို သီးသန့်နေရာမှာ ပဲ တွေ့ရပါတော့မယ်။

လူစည်ကားတဲ့နေရာက ဆန္ဒပြပွဲတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ကြောင်း၊ ယခုလူထုဟစ် တိုင်နေရာ ပြီးစီးသွားပါက ဆန္ဒဖော်ထုတ်မှုတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုလည်း မဖြစ်နိုင်တော့ကြောင်း ဝန်ကြီးဦးသန်းထွန်းကပြောပါတယ်။

“လူထုဟစ်တိုင်ရှိတဲ့အတွက် ပြည်သူတွေရဲ့ ရင်ထဲမှာရှိနေတဲ့ဆန္ဒတွေကို အစိုးရနဲ့ ဌာနဆိုင်ရာတွေ သိအောင် တနေရာထဲမှာ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်နိုင်တယ်။ ဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းတွေ ကလည်း ပြည်သူကိုသိစေချင်တဲ့ အရာတွေကို ဒီနေရာကနေ သတင်းဖြန့်ချိတဲ့နေရာလည်း ဖြစ်သွားနိုင် ပါတယ်” ဒါကတော့ ပုသိမ်ရဲ့ အခြေအနေပါ။

ရန်ကုန်မှာ ဆိုရင် တာမွေမြို့နယ်နဲ့ဗဟန်းမြို့နယ်ကြားရှိ မြင်းပြိုင်ကွင်း၊ မန္တလေးမှာ ဆိုရင် ၊ ၆၂ လမ်းနဲ့ သိပ္ပံလမ်းထောင့်က မနောဟရီပန်းခြံမှာ တည်ဆောက်နေကြောင်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ ပြည်သူတွေ ဆန္ဒဖော်ထုတ်ဖို့ လူထုဟစ်တိုင်နေရာကို မြို့လယ်ခေါင်မှာ အစိုးရက စီစဉ်သတ်မှတ်ပေးထားပါတယ်။ အဲဒီနေရာမှာ ဒေသ ခံတွေသာမက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ တိဗက်အရေး လှုပ်ရှားသူတွေပါ ဆန္ဒဖော်ထုတ် ပွဲတွေ ပြုလုပ်ကြသလို သပိတ်စခန်းတွေဖွင့်ပြီး ရက်ရှည်ဆန္ဒပြပွဲတွေလည်း လုပ်ဆောင်လေ့ရှိကြပါတယ်။

ဆလိုင်းသန့်စင်

မှတ်ချက်များ