နိုင်ငံတကာ အစားအသောက်နဲ့ဟိုတယ်ပြပွဲကြီး မြန်မာအတွက် ဘာတွေထူးခြားလဲ



ပထမဆုံး နိုင်ငံတကာ အစားအသောက်ပြပွဲကို Food & Hotel Myanmar 2014 ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ MCC ခမ်းမမှာ ဇွန် ၁၈ရက်ကစပြီး ၃ရက်ကြာ ကျင်းပနေပါတယ်။ နိုင်ငံပေါင်း ၂၉နိုင်ငံက လုပ်ငန်းရှင်ပေါင်း ၂၅ဝကျော် ပါဝင်ပြသနေတဲ့ ဒီပြပွဲဟာ ဘာတွေထူးခြားလဲ။

ဂျာမနီ၊ ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာက ဟိုတယ်နဲ့ အစားအစာလုပ်ငန်းပိုင်ရှင်တွေ ပါဝင်တဲ့ ပထမဆုံးနိုင်ငံတကာပြပွဲလည်းဖြစ်သလို မြန်မာဟင်းလျာအချက်အပြုတ်ပြိုင်ပွဲ၊ ကော်ဖီနဲ့ ယမကာ၊ အာဆီယံ Bartender ပြိုင်ပွဲနဲ့ အစားအသောက် ဘေးကင်းစိတ်ချစေရေး စတဲ့ လှုပ်ရှားမှု ၄ခုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

အစားအသောက်နဲ့ အချက်အပြုတ်ဆိုင်ရာ ပစ္စည်းတွေကိုလည်း နိုင်ငံတကာက ဝင်ရောက်ပြသနေပြီး အာဆီယံနိုင်ငံတွေအများစုဟာ မြန်မာနိုင်ငံလိုမဟုတ်ဘဲ ဒီလို ပစ္စည်းတွေနဲ့ အကျွမ်းတဝင်ဖြစ်နေတယ်၊ မြန်မာပြည်အတွက်တော့ ပထမဆုံး ကမ္ဘာ့စံချိန်မီ ပစ္စည်းတွေကို စတင်ထိတွေ့ရတာဖြစ်တာမို့ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ Hallde ကုမ္ပဏီက ပြောပါတယ်။

အခုလို ပထမဆုံး နိုင်ငံတကာပြပွဲမှာ ဝင်ပြနေတဲ့ Sithar Coffee က စက်ပစ္စည်းတွေနဲ့ ကုမ္ပဏီ Image ကို နိုင်ငံတကာက သိသွားစေချင်သလို နိုင်ငံတကာအဆက်အသွယ်တွေလည်း ရနိုင်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့ ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ဒီပြပွဲကို ဖွင့်လှစ်ပြီး အမှာစကားပြောဆိုခဲ့သလို မြန်မာစားဖိုမှူးများအသင်းရဲ့ ဥက္ကဌ Oliver E Soe Thet ကလည်း မြန်မာနိုင်ငံက မျက်နှာသစ် စားဖိုမှူးတွေအကြောင်းနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို တင်ပြပြောဆိုခဲ့ပါတယ်။


kamayutmedia

မှတ်ချက်များ