၇၂နှစ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀အထွေထွေ၊ အတွေ့အကြုံ အမျိုးမျိုးမှာ လွန်ခဲ့တဲ့ နှစ် (၅၀)ကျော် တက္ကသိုလ်ကျောင်းသားဘ၀က ဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ၇ ဇူလိုင် အရေးအခင်းကတော့ ကနေ့အထိ မေ့လို့မရပါ ဘူး။
အကျိုးတရားတစ်ခုဖြစ်ဖို့ အကြောင်းတရားရှိရမယ်ဆိုတဲ့ သီအိုရီအ ရချိတ်ဆက်စဉ်းစားတဲ့ အခါ ရိုးရှင်းတဲ့ အဖြေတစ်ခုရရှိ ပါတယ်။ အဆောင်နေကျောင်း သားတွေလိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းတွေ ကို တော်လှန်ရေး ကောင်စီအစိုးရတက်ပြီး သုံးလအကြာမှာ ပြဋ္ဌာန်း တာဟာ ပြဿနာရဲ့ အကြောင်းတရားပါပဲ။
တက္ကသိုလ်ရောက်တဲ့ ကျောင်းသားဟာ သူ့အသက်အရွယ်၊ သူ့ ပညာနဲ့ လောကရဲ့ အကောင်းအဆိုးကို ဆင်ခြင်တုံတရား နဲ့ လေ့လာသင်ယူနေကြတဲ့ သူတွေပါ။ ထုတ်လိုက်တဲ့ စည်းကမ်းက ည ၈ နာရီအဆောင်တံခါးသော့ခတ်၊ ကိုယ့်အခန်းမှာ ကိုယ်နေ၊ စာကြည့်၊ တစ်ခန်းနဲ့ တစ်ခန်းတောင် မကူးနဲ့ဆိုတော့ အဆောင်တွင်း အကျယ်ချုပ်ချခံရသလိုဖြစ်နေပါတယ်။ သည်းမခံနိုင်တဲ့ကျောင်းသားတွေက ဇူလိုင် ၆ ရက်ညမှာ အဆောင်တံခါးတွေရိုက်ချိုး၊ အဓိပတိလမ်းမပေါ် အားလုံးစုရုံးကြပြီး ကျောင်းအဆောင်ရေးရာမှူး ဦးယုပင်အိမ်ကို ၀ိုင်း၊ တင်းကျပ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေဖျက်ပေးဖို့ တက္ကသိုလ် ကျောင်း သားသမဂ္ဂ(တ.က.သ) ခေါင်းဆောင်တွေနဲ့ ပူးပေါင်း တောင်းဆိုကြပါတယ်။
နောက်တစ်နေ့ဇူလိုင် ၇ ရက်နံနက်ပိုင်းမှာ တက္ကသိုလ်ကျောင်း သားသမဂ္ဂ (တ.က.သ) အဆောက်အအုံမှာ အစည်းအဝေးထိုင်နေတုန်း ကျောင်းသား ခေါင်းဆောင်တချို့ကို ထောက် လှမ်းရေးက ခေါ်သွားတာကို မကျေနပ်လို့ တ.က.သ အဆောက်အအုံနားမှာနေတဲ့ ဆရာကြီးဦးကာအိမ်ကို ၀ိုင်းပြီး ဆန္ဒပြကြတယ်။ စိတ်မထိန်းနိုင်တဲ့ ကျောင်းသားတစ်စုက ခြံဝင်းထဲက ကားကို အဓိပတိလမ်းပေါ်တွန်းပြီး မီးရှို့ကြတယ်။ ရဲတပ်ဖွဲ့ တွေရောက်
လာပြီး လူစုခွဲတော့ ရဲနဲ့ကျောင်းသားပဋိပက္ခဆက်ဖြစ်ပြန်တယ်။ နောက်ဆုံးရဲတပ်ဖွဲ့တွေ အဓိပတိလမ်း ကနေ နောက်ဆုတ်ပေးလိုက်ရတယ်။ အဓိပတိလမ်း မိန်းတံခါးကို ကျောင်းသားတွေက ပိတ်ပြီး တ.က.သ အဆောက်အအုံရှေ့မှာ စုဝေးအော်ဟစ်ကြတယ်။
ညနေစောင်းမှာ မောင်းပြန် သေနတ်ကိုင်ထားတဲ့ စစ်သား တွေ ရောက်လာပြီး နေရာယူကြ တယ်။ လူစုခွဲဖို့ကြေညာတော့ ‘‘ဒါ တို့တက္ကသိုလ် မင်းတို့သာ တပ် ကိုပြန်ကြလို့’’ ကျောင်းသားတွေ က ပြန်အော် ကြတယ်။ လန့်ရို ဗာ ကားတစ်စီးရောက်လာပြီး တပ်ကအရာရှိတစ်ယောက်ကို စာပေးတာမြင်ရတယ်။ မကြာပါ ဘူး။မောင်းပြန်သေနတ်နဲ့ ပစ်တော့ တာပဲ။ ကျောင်းသားတွေ ပြေးကြ၊ လွှားကြနဲ့ ကျည်ဆန်ထိတဲ့ သူ တွေက သွေးအိုင်တွေထဲလဲ ကျန် ခဲ့တယ်။ တက္ကသိုလ်နယ်မြေ သွေးစွန်းတဲ့ နေ့ပေါ့။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဖျက်မရတဲ့ သွေးစက်၊ သွေးကွက်တွေ ကံ့ကော်မြေမှာ ကျန်ခဲ့တယ်။
ဇူလိုင် ၈ ရက်နေ့ နံနက်ဝေ လီဝေလင်းမှာ ၀ုန်းခနဲ အသံမြည် ဟည်းထွက်လာပြီး အဆောင်တွေ ငလျင်လှုပ် သလို တုန်ခါသွားလို့ ကြည့်လိုက်တော့ တ.က.သ အဆောက်အအုံကြီးပြိုကျမြေခ နေတာကို တုန်လှုပ်ဝမ်း နည်းစွာ နဲ့ မြင်ရတယ်။ တ.က.သ အဆောက်အအုံဟာ တက္ကသိုလ် ကျောင်းသားကိုအောင်ဆန်းလို အနာဂတ်ခေါင်းဆောင်တွေ မွေး ထုတ်ပေးတဲ့ သမိုင်းအစဉ်အလာ ကြီးမားတဲ့ နေရာတစ်ခုပါ။
တက္က သိုလ်ရောက်ကြတဲ့ ကျောင်းသား တွေဟာ ဗိုလ်အောင်ကျော် ကျောက်တိုင်နောက်မှာ မားမား မတ်မတ်ရပ်နေတဲ့ တ.က.သ အ ဆောက်အအုံကြီးကို ဖြတ်သွား၊ ဖြတ်လာလုပ်တိုင်း ပီတိနှလုံး၊ အပြုံးမျက်နှာနဲ့ ကြည့်ရပါတယ်။ ကိုဗဆွေလေး၊ ကိုသက်၊ ကိုတင် ထွန်းစတဲ့ သမဂ္ဂခေါင်းဆောင် တွေ ဟာ ကျောင်းသားထုရဲ့ခေါင်း ဆောင်တွေပါ။ တ.က.သ အ ဆောက်အအုံကို ဖြိုဖျက်လို့ရပေ မယ့် တက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးစိတ်ဓာတ်က ပြိုကျ မသွားခဲ့ဘူး။ တက္ကသိုလ်တွေ ပြန် ဖွင့်တာနဲ့ အနိုင်မခံအရှုံးမပေးတဲ့ သံမဏိစိတ်ဓာတ်နဲ့ နိုင်ငံရေးလှုပ် ရှားမှုတွေ ပြန်စတာပါပဲ။
၁၉၆၃ ခုနှစ်မှာ တက္ကသိုလ် ကို အကြောင်းအမျိုးမျိုးပြပြီး ပိတ် တော့ ဒုတိယအကြိမ်အဆောင် က မပြန်ဘဲ ကျောင်းသားတွေက ဆန္ဒပြကြပါတယ်။ စစ်အစိုးရက အင်အားသုံးနှိမ်နင်းဖို့ လုပ်တော့ စစ်တပ်မလာမီ ည ၁၁ နာရီမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို လွှတ်ပြီး ကျောင်းသားတွေကို မေတ္တာရပ်ခံလို့ အားလုံးလူစုခွဲ လိုက်တယ်။
ဇူလိုင်လအရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသား၊ ဒဏ်ရာရတဲ့ ကျောင်းသားတွေ အတိအကျမဖော်ပြနိုင်ပေမယ့် ဒီအရေးအခင်းဟာ မြန်မာကျောင်းသားလောကမှာ အသေအပျောက်အများဆုံးပါ။ အင်္ဂလိပ်အစိုးရခေတ်က ဗိုလ်အောင်ကျော်၊ ဖဆပလအစိုးရခေတ်မှာ ဟယ်ရီတန်တို့ ကျောင်းသား အရေးအခင်းမှာ ကျဆုံးခဲ့ဖူးပါတယ်။
၇ ဇူလိုင်အရေးအခင်းကို အဲဒီတုန်းက တာဝန်အရှိဆုံး ဦးနေ၀င်းက ၁၉၈၈ မှာ ကျင်းပတဲ့ အ ရေးပေါ်ပါတီညီလာခံအထိ ရှင်း လို့မဆုံးပါ။ ရှင်းရင်းနဲ့ ရှုပ်သွား တာပဲ အဖတ်တင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ် (၆၀) က သတ္တမတန်းစာမေးပွဲ မေးခွန်းပေါက်တာ ကို အကြောင်းပြုပြီး ကျောင်း သားတွေ အတွင်းဝန်ရုံးကို ၀ိုင်းကြတော့ ရဲနဲ့ထိပ်တိုက်တွေ့ပြီး ကျောင်းသား ဟယ်ရီတန် သေ နတ်မှန် သေဆုံးခဲ့ဖူး ပါတယ်။ နောက်တစ်နေ့နံနက် မိုးလင်းတာနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုဟာ ၀မ်းနည်းတဲ့ အသံနဲ့ ရေဒီယို ကနေတောင်းပန်စကားပြောပြီး သတ္တမတန်းကျောင်းသားတွေ စာမေးပွဲထပ်ဖြေမခိုင်းတော့ဘဲ အားလုံးအအောင်ပေးကြောင်း ကြေညာခဲ့တဲ့ အသံကိုကနေ့ထိ ကြား
ယောင်နေမိပါတယ်။ အဲဒီတုန်း
က ရုပ်မြင်သံကြားရှိရင် ၀န်ကြီး
ချုပ်ဦးနုရဲ့ ညှိုးငယ်တဲ့မျက်နှာကို အသေအချာမြင်ရမှာပါ။
၇ ဇူလိုင်အရေးအခင်းညမှာ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ လည်း မိန့်ခွန်းပြောပါတယ်။ ‘‘တုတ်တုတ်ချင်း၊ ဓားဓားချင်း’’ဆို ပြီး ဒေါသံနဲ့ ကျောင်းသားတွေကို စိန်ခေါ်တဲ့ မိန်ခွန်းပါ။
အစိုးရနဲ့ တက္ကသိုလ်နယ်မြေ ကို အုပ်ချုပ်မယ့် သူတွေဟာ စိတ်ရှည်၊ သည်းခံတတ်ဖို့လိုသလို ကျောင်းသား ထုရဲ့ သဘာဝကို လည်း နားလည်သဘောပေါက်ပြီး နိုင်ငံရေးအမြင်ရှိတဲ့ သူတွေဖြစ်ဖို့ လိုပါတယ်။ ပြဿနာပေါ်တိုင်း အမိန့်ပေးအနိုင်ယူတာတို့၊ အင် အားသုံးဖြေရှင်းတဲ့ နည်းလမ်းဟာ တပ်မတော်အစိုးရတွေ လက် ထက်မှာ လုပ်ခဲ့တဲ့ အကျည်းတန် တဲ့ လုပ်ရပ်တွေပါ။
ငြိမ်းချမ်းပြီး သာယာလှပတဲ့ တက္ကသိုလ်တွေကို ပြန်လည် တည်ဆောက်ဖို့ စိုင်းပြင်းနေကြတဲ့ တာဝန်ရှိသူများအားလုံးကိုကြိုဆို ပါတယ်။ အမှားထဲက အမှန်ရှာ၊ အဟောင်းထဲက အကောင်းရှာဖို့ တော့ လိုအပ်မှာပါ။
တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦး | 7day

မှတ်ချက်များ