Selfie ဓာတ်ပုံရိုက်ပြီး အောင်ပွဲခံခဲ့သဖြင့် အဝါကတ်ထိခဲ့သည့် ဘောလုံးသမား
ကမ္ဘာပေါ်တွင် လူပေါင်းအတော်များများ ပြုလုပ်ဖူးသည့် မိမိကိုယ်ကိုယ် ဖုန်းဖြင့် Selfie ဓာတ်ပုံရိုက်ခြင်း မှာ ပြစ်ချက်တစ်ခုဟု ယူဆလောက်စရာ မရှိချေ။ သို့သော်လည်း ဘောလုံးကွင်းထဲတွင်မူ ခြွင်းချက် အခြေအနေတစ်ခု ဖြစ်သည်။
အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်း စပို့တင်းကန်ဆက်စ်စီးတီးမှ ဒွမ်ဒွိုင်ယာသည် ဂိုးသွင်းပြီးနောက် ထူးထူးခြားခြား အောင်ပွဲခံမှုအဖြစ် ပရိသတ်နှင့်အတူ Selfie ဓာတ်ပုံရိုက်ခဲ့သည်။ အကျိုးဆက်အဖြစ် ၎င်းကို ဒိုင်လူကြီးက အဝါကတ်ပြား ပြသ၍ သတိပေးလိုက်သည်။
အင်္ဂလန်ဖွား တိုက်စစ်မှူးသည် ချီကာဂိုဖိုင်းယားနှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည်။ ၎င်းသည် အောင်ပွဲခံရန် နည်းပြအဖွဲ့ထံ ပြေးလွှားသွားချိန်တွင် နည်းပြအဖွဲ့ဝင် တစ်ဦးက ဝှက်ယူလာသည့် မိုဘိုင်းဖုန်းကို လက်ကမ်းပေးလိုက်သည်။
ထို့နောက် ဒွိုင်ယာက အသင်းဖော် ဆွန်နီဆက်ဒ်အပြင် ပွဲကြည့်စင်မှ ပရိသတ် အချို့နှင့်အတူ Selfieဓာတ်ပုံ ရိုက်ယူကာ အောင်ပွဲခံခဲ့သည်။ ယင်းအပြုအမူကို ဒိုင်လူကြီး အလန်ကယ်လီက လက်မခံဘဲ အဝါကတ် ပြသ ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီ အတွင်းက အင်္ဂလန် ဒုတိယတန်း ပြိုင်ပွဲတွင် စကန်သရော့ပ် အသင်းက ပို့စ်မောက်သ်ကို (၅-၁)ဖြင့် အနိုင်ရခဲ့ရာ စကန်သရော့ပ် ဂိုးသမား ဆမ်ဆလိုကွမ်ဘီသည်လည်း ပရိသတ် များနှင့်အတူ တွဲဖက်၍ Selfieဓာတ်ပုံရိုက်ပြီး အောင်ပွဲခံခဲ့ဖူးသည်။
7day

မှတ်ချက်များ