မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး သတ်ခံရ
မော်ဒယ်နဲ့ သရုပ်ဆောင် အေးချမ်းမြတ်မိုးဟာ ဒဂုံမြို့နယ်က သူ့ရဲ့နေအိမ်ရှေ့ ဓားနဲ့ထိုးခံခဲ့ရပြီး သေဆုံးသွား ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂၇မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အေးချမ်းမြတ်မိုး ဓားနဲ့ထိုး သတ်ခံရမှုနဲ့ပတ်သက်ပြီး အိမ်နီးချင်းဖြစ်တဲ့ ကိုအံ့ဖြိုးပိုင်ကို သံသယနဲ့ ရဲကထိန်းသိမ်းထားပါတယ်။
မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ အေးချမ်းမြတ်မိုးဟာ သူငယ်ချင်းတွေနဲ့အတူ သြဂုတ် ၂၆ရက်နေ့ ည အိမ်ကိုပြန်လာတဲ့အချိန် တိုက်လှေကားရဲ့ ဒုတိယထပ်မှာ သံသယနဲ့ စွပ်စွဲခံထားရတဲ့ ကိုအံ့ဖြိုးပိုင်က ဓား နဲ့ထိုးခဲ့တာလို့ ဒဂုံမြို့နယ်ရဲစခန်းက ဆိုပါတယ်။ ဓားနဲ့ထိုးတယ်လို့ စွပ်စွဲခံထားရတဲ့ ကိုအံ့ဖြိုးပိုင်ကို ရပ်ကွက် လူထုက ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့တာဖြစ်တယ်လို့ အေးချမ်းမြတ်မိုးရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
လည်ပင်းမှာ ဓားဒဏ်ရာရခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ချိန် လမ်းမှာပဲ သေဆုံးသွားတာလို့ အစ်မဖြစ် သူ မအေးချမ်းမြတ်ဖြိုးက ဆိုပါတယ်။ စွပ်စွဲခံထားရတဲ့ ကိုအံ့ဖြိုးပိုင်ဟာ အေးချမ်းမြတ်မိုးကို ချစ်ရေးဆို ထားပေမယ့် ငြင်းဆန်ခံထားရသူဖြစ်တယ်လို့ ပြောပါတယ်။
အေးချမ်းမြတ်မိုးဟာ အဝေးသင် ဒုတိယနှစ်တက်နေတဲ့ အင်္ဂလိပ်ဘာသာရပ် ကျောင်းသူဖြစ်ပြီး ၂ဝ၁၄ခုနှစ် Parksonကုန်တိုက် မော်ဒယ်လူရွေးပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး IDEA နဲ့ Fashion မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်ကနေ သရုပ်ဆောင်လောကထဲ ရောက်လာခဲ့သူဖြစ်ပါတယ်။
ကိုအံ့ဖြိုးပိုင်ရဲ့ မိသားစုဝင်တွေက စွပ်စွဲခံထားရတဲ့ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ အေချမ်းမြတ်မိုးသေဆုံးမှုနဲ့ပတ်သက်ပြီး ဒဂုံရဲစခန်းက ပုဒ်မ ၃ဝ၂ လူသတ်မှုနဲ့ ကိုအံ့ဖြိုးပိုင်ကို စွဲဆိုအမှု ဖွင့်ထားပါတယ်။
kamayutmedia

မှတ်ချက်များ