ဆားဈေးများ ကျဆင်းနေခြင်းကြောင့် ဆားလုပ်ငန်းရှင်များ နှစ်စဉ် လျော့ကျလျက်ရှိ

ဆားကွင်းတွင် လုပ်ကိုင်နေသည့် ဆားလုပ်ငန်းတောင်သူတဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ
ပြည်တွင်း ဆားဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာသောကြောင့် ဆားလုပ်ငန်းများ အရှုံးပေါ်လျက်ရှိပြီး ဆားထုတ်လုပ်မှု စရိတ်မှာ မြင့်မားလျက်ရှိခြင်းကြောင့် လျှော့ချလုပ်ကိုင်နေကြောင်း ကျောက်ဖြူမြို့ နယ် မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဒု-ကြီးကြပ်ရေး မှူး ဦးအောင်ကျော်လင်းက မဇ္ဈိမကို ပြောသည်။

“ဆားဈေးက မတက်ဘူး ဖြစ်နေတယ်။ ရန်ကုန်က သင်္ဘောတွေလာမှ အရောင်းအ၀ယ်ဖြစ်တယ်။ အခုက မိုးရာသီဆိုတော့ သင်္ဘောတွေ မလာဘူး။ ရခိုင်က ဆားတွေက ပြည်ပပို့မှ ဈေးကောင်းရတာ များတယ်။ အခုက ပြည်ပ ပို့ခွင့်ပိတ်ထားတော့ ဈေးကောင်း မရတော့ဘူး။ နှစ်တိုင်း အရှုံးပေါ်နေတော့ ကျောက်ဖြူမှာ ဆားလုပ်တဲ့လူတွေ အရင်ကထက် ထက်ဝက်လောက်ကို လျော့သွားတယ်”ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဆားလုပ်ကွက်ပေါင်း ၁၁၉ ကွက်ရှိပြီး ဆားထွက်ရှိမှု ၁၂,၁၇၀ တန်ထွက်ရှိ၍ ဂန့်ဂါး ကျွန်းသည် ဆားထုတ်လုပ်မှု အများဆုံးဖြစ်သော်လည်း ဆားလုပ်ငန်းတောင်သူများမှာ စားဝတ်နေရေး အ ကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် ဆားကွင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဧရာဝတီတိုင်းတစ်ခုလုံး၌ ဆား လုပ်ငန်းရှင်၂၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်ဟု မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်း ထုတ် လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ကြီးကြပ်ရေးမှူး ဦးမင်းဇော်က ဆိုသည်။

“ဆားတွင်း တစ်ဧကကို ဆားပိဿာ ခြောက်ထောင်ထွက်တယ်။ တစ်ပိဿာကို ၃၅ ကျပ် သတ်မှတ်ထား တယ်။ နိုင်ငံတော်ကို အခွန်ဆောင်ရင် တစ်ဧကကို ပိဿာတစ်ရာ (ကျပ် ၃,၅၀၀) အခွန်ဆောင်ရတယ် ”ဟု ဧရာဝတီတိုင်းရှိ မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ တိုင်း မန်နေဂျာ ဦးထွန်းသိန်းက ရှင်းပြသည်။

သိမ့်သဉ္ဇာဇင် | mizzima

မှတ်ချက်များ