အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ပွားနေကြောင်း ကွန်ဂိုအစိုးရ အတည်ပြု
ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ရောဂါ စတင်ကူးစက်နေပြီဟု ကွန်ဂိုအစိုးရက အတည်ပြု ကြေညာခဲ့သည်။
နာမကျန်း ဖြစ်နေသူ နှစ်ဦးကို စမ်းသပ်စစ်ဆေးပြီးနောက် ၎င်းတို့တွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည် ကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီး ဖိလစ် နွမ်ဘီက ကြေညာသည်။ အီကွေတူရာ ဒေသတွင် အီဘိုလာကြောင့် ယူဆရသူ (၁၃)ဦးထိ သေဆုံးခဲ့ပြီး ယခုအခါတွင် အီဘိုလာ ပျံ့နှံ့နေပြီဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နွမ်ဘီက သေဆုံးမှုများသည် ဒေသတစ်ခုတည်းတွင် သီးခြား ဖြစ်ပေါ်နေပြီး ကွန်ဂိုရှိ အီဘိုလာ ရောဂါသည် အနောက်အာဖရိက ဒေသကို လတ်တလော ခြိမ်းခြောက်နေသည့် အီဘိုလာ ဗိုင်းရပ်စ်နှင့် မျိုးကွဲ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ကွန်ဂိုသည် အာဖရိက အလယ်ပိုင်း ဒေသတွင် တည်ရှိပြီး အာဖရိက အနောက်ပိုင်း နိုင်ငံများ ပြင်ပ ဒေသ တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီဘိုလာ ကူးစက်မှုကို အတည်ပြု ကြေညာသည့် နိုင်ငံ လည်း ဖြစ်လာသည်။ အာဖရိက အနောက်ပိုင်းတွင် ကူးစက်နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၄၂၇)ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။ မတ်လကတည်းက အဆိုပါ ဒေသတွင် စတင်ပျံ့နှံ့ လာသော အီဘိုလာ ရောဂါပိုးသည် လူပေါင်း (၂၆၁၅)ဦးထက် မနည်းထံ ကူး စက်ခဲ့ကြောင်းလည်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဆိုသည်။
ဩဂုတ်(၂၄)ရက်က ဆီအာရာ လီယွန်တွင် ကျန်းမာရေး လုပ်အားပေး ဆောင်ရွက်ရာမှ အီဘိုလာ ကူးစက် ခံရသည့် ဗြိတိန် ကျန်းမာရေး ဝန်ထမ်းတစ်ဦးကို တော်ဝင်လေတပ်ပိုင် ဂျက်လေယာဉ် တစ်စီးဖြင့် ဇာတိနိုင်ငံ သို့ ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရှိရသည်။
7day

မှတ်ချက်များ