တောင်ကိုရီးယားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လူ ငါးဦး သေဆုံး


တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ငါးဦး သေဆုံးကာ ငါးဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ရေကြီးမှုကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံကို ရပ်ဆိုင်းထားရပြီး ဘူဆန်မြေအောက်ရထားခ ရီးစဉ်များကိုလည်း နာရီအနည်းငယ် ဆိုင်းငံထားခဲ့ ရကြောင်း ကယ်ဆယ်ရေးသမားများက သြဂုတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
သြဂုတ် ၂၅ ရက်က ချန်ဝမ်းမြို့အနီးတွင် ရေလျှံနေသော ချောင်းတစ်ခုအတွင်းသို့ ခရီးသည်တင် ဘတ်စ်ကားတစ်စီး ရေစီးနှင့်မျောပါသွားခဲ့ရာ လူတစ် ဦး သေဆုံးသွားခဲ့ကြောင်း အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားသည်။ အဆိုပါ ဘတ်စ်ကားပေါ်မှ ယာဉ်မောင်းအပါ အ၀င် လေးဦး လည်း ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားသည် ရွှံ့နွံရေများများနှင့်အတူ ချောင်းအတွင်းသို့ ကျသွားပြီး ပက်လက်လန်သွား ကာ တံတားတစ်ခုအောက်သို့ ရောက်သွားခဲ့ပုံကို ရုပ်သံသတင်းများတွင် ဖော်ပြခဲ့သည်။
ဘတ်စ်ကား၏ မှန်တံခါးပေါက်များကို ရိုက်ခွဲကာ ကယ်ဆယ်ရေးသမားများက အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့ပြီး ပျောက်ဆုံးနေ သူများကို ဆက်လက်ရှာဖွေလျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော ဘူဆန်မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လူလေးဦး သေဆုံးသွားခဲ့သည်။
၎င်းတို့အနက် နှစ်ဦးသည် ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် မြေအောက် လမ်းအတိုင်း ကားမောင်းလာစဉ် ကားအတွင်း ရေနစ်မြုပ်သေဆုံးသွားခြင်းဖြစ်သည်။
အင်ဂျင်နီယာတစ်ဦးသည်လည်း မြေအောက်ထပ်အတွင်းရှိ ဓာတ်အားလိုင်းများအား စစ်ဆေးရန် အောက်သို့ ဆင်းစဉ် ပျောက်ဆုံးသွားသည်။
ဂီဂျန်းစီရင်စုအနီးမှ နျူကလီးယားဓာတ်အားပေးစက်ရုံကိုလည်း အအေးပေးခန်း ရေနစ်မြုပ်မှုကြောင့် လည်ပတ်မှု ရပ်ဆိုင်းထားရသည်။
ဘူဆန် မြေအောက်ရထားဘူတာတွင်လည်း ရွှံ့ရေများ ဓာတ်လှေကားအတွင်းသို့ စီးဝင်ခဲ့ကာ ရထားလမ်းများကို ရေဖုံးလွှမ်းသွားသောကြောင့် ခရီးစဉ်များ ရပ်ဆိုင်းထားရသည်။
သုံးနာရီအတွင်း မိုးရေချိန် ၂၀ စင်တီမီတာအထိ ရွာသွန်းခဲ့ပြီး မိုးများဆက်လက်သည်းထန်နိုင် ကြောင်း သတိပေးချက်ကို သြဂုတ် ၂၅ ရက် ညနေပိုင်းတွင် ရုပ်သိမ်းခဲ့သည်။

Mizzima

မှတ်ချက်များ