ကျောက်ဖြူတွင် ရွှံ့မီးတောင်ပေါက်ကွဲ၊ လယ်ကွက်များဆုံးရှုံး


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရှောက်ချောင်းကျေးရွာအုပ်စုထဲမှာ ရွှံ့မီးတောင်ပေါက်ကွဲပြီး လယ် ကွက်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သြဂုတ်လ ၃၁ ရက် ညနေပိုင်း က ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ၁၃ မိုင်အ ကွာ ရှောက်ချောင်း၊ စည်မော်နဲ့ ကြတ္တိန်ရွာ သုံးရွာကြား က တောင်ကုန်းပေါ်မှာ ရွှံ့မီးတောင်ပေါက် ကွဲတဲ့ အတွက် ချော်ရည်တွေ ကျဆင်းလာပြီး အနီးပတ်ဝန်းကျင်က လယ်ကွင်းထဲကိုပါ ၀င်ရောက်လာတာလို့ ရခိုင်လူမှုကွန်ရက်အဖွဲ့က
ပြောပါတယ်။

ညနေ ၅ နာရီခွဲကျော်ကနေ ၇ နာရီထိ ချော်ရည်တွေမပြတ် စီးတင်းလာတဲ့အတွက် ခန့်မှန်းခြေ လယ်ဧက
ပေါင်း ၃၀ ကျော်က စပါးပင်တွေ ပျက်စီးသလို နွားတင်းကုတ် တချို့ကိုလည်း ချော်ရည်က တိုက်စားသွား တယ်လို့ အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့သူ ရခိုင်လူမှုကွန်ရက် ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင် က ဒီဗွီဘီကို ပြောပါတယ်။

“၅ နာရီ ၄၀ လောက်ကနေ ချော်ရည်တွေ အပေါ်ကို ပွက်လာတာပေါ့ဗျာ။ အစက တထွာလောက်ပဲမြင်ရတာ နောက်တော့ တတောင်လောက် တဖြည်းဖြည်းနဲ့ မြင့်လာတာ ပေ ၈၀ လောက်အထိ။ အုန်းဆိုတဲ့ အသံကြား ရတယ်။ ဒေသအခေါ်က နဂါးတောင်ပေါ့၊”

ချော်ရည်တွေဟာ ည ၇ နာရီလောက်မှာမှ ရပ်စဲသွားကြောင်း၊ ဒီဖြစ်ရပ်မှာ
တော့ ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ရွှံ့မီးတောင်ပေါက်ကွဲတဲ့နေရာဟာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေက
ကျောက်ဖြူအထူးစီးပွားရေး စီမံကိန်းဇုန်လုပ်ဖို့ ရည်ရွယ်ထားတဲ့နေ ရာလို လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ထဲမှာ ရွှံ့မီးတောင် အများအပြားအပြားရှိပြီး အရင်က လည်း ရွှံ့မီးတောင် ပေါက်ကွဲမှု ရှိခဲ့ဖူးပါတယ်။
နန်းမြနဒီ | DVB



မှတ်ချက်များ