ရွှေဘိုမြို့တွင် ဆည်ရေ တံခါးကျိုးမှုကြောင့် ကျေးရွာ ရှစ် ရွာခန့် ရေနစ်မြုပ်ခဲ့ပြီး လူနေအိမ် အချို့နှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးကာ မျိုးစပါးများ၊ ပျိုးထောင်ထားသော စပါးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သ တင်းရရှိသည်။
ရွှေဘိုမြို့နယ် မင်းကျောင်းရွာတွင် သြဂုတ် ၃၀ ရက်က ဆည်ရေ၀င်ရောက်မှုကြောင့် စပါးတင်း ၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့အပြင် ပဂိုးကုန်း ကျေးရွာမှ မဟာဝိဇယဘုန်းကြီးကျောင်း အုတ်တံတိုင်းဆယ်ခန်း ပျက်စီးခဲ့ပြီး ယင်းရွာရှိ ဓမ္မရက္ခိတကျောင်း ကျောက်ကြားလမ်းနှင့် အုတ်တံတားမှာလည်း ပျက်စီးခဲ့သည်။ မင်းကျောင်းရွာမှပင် မဟာအောင်မြေ သိဒ္ဓိကျောင်း အုတ်တံတိုင်းအခန်း ၄၀ ပြိုကျ ပျက်စီးခဲ့ကြောင်း ထရံကာ ထရံမိုး အိမ်နှစ်အိမ်နှင့် မီးဖိုချောင် တစ်ခုလည်း ပြိုကျပျက်စီးခဲ့ကြောင်း ရွှေဘိုမြို့နယ် မီးသတ် ဦးစီးဌာနနှင့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။
ဆင်းကွတ်ရွာမှာ ထိခိုက်မှု မရှိဘဲ မင်းကျောင်းရွာနှင့် ပဂိုးကုန်းကျေးရွာနှစ်ပေါင်း အိမ်ခြေ ၃၀၅ အိမ် ရေ နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁,၇၇၇ ဦး ရေဘေးဒုက္ခကြုံတွေ့ခဲ့ ရကြောင်း မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေက ပြောသည်။
‘‘ပျက်စီးဆုံးရှုံးမှု စာရင်းက တော့ ကောက်နေတုန်းပါပဲ။ စပါးတွေက ကြဲမယ့် တန်းလန်း မျိုးစပါးတွေပါသွား တာ။ လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်မှု မရှိပါဘူး’’ ၎င်းက ပြောသည်။
အဆိုပါ ကျေးရွာများအပြင် ကျားရွာ၊ မြောင်းကြီးကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ နှမစား ရစ်ရွာနှင့် အခြားကျေးရွာများတွင်လည်း ဆည်ရေ၀င်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး အချို့ရွာများရှိ လယ်များတွင် စပါးပျိုးခင်း များရှိသည့်အတွက် ပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။
‘‘နှစ်ငါးဆယ်အတွင်း တစ်ခါမှမကြုံဖူးဘူး။ ရေအနက်ကိုက လေးပေခွဲ ၊ ငါးပေလောက်ရှိတယ်။ ရေကျသွား လို့ တော်သေးတယ်’’ ဟု မင်းကျောင်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ရွှေဘိုတက္ကသိုလ်နှင့် ကျောင်းဝန်းကျင် ရပ်ကွက်များ၊ ရွှေဘိုနည်းပညာကောလိပ်ဝင်း အတွင်းတို့တွင် လည်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ရွှေဘိုမြစ်ကြီးနားကားလမ်းရှိ ကိုးပင်ချောင်းတံတား ချဉ်းကပ် လမ်း မှာ ပေ ၂၀ ခန့် ပျက်စီးခဲ့ပြီး ခေတ္တ လမ်းပိတ်ထားမှုကြောင့် ကုန်တင်ကားကြီးများ စောင့်ဆိုင်းနေကြရ သည်။
ရေဘေးကြုံတွေ့နေရသည့် ကျေးရွာများသို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေဘိုမြို့ရှိ ပရဟိတအဖွဲ့အ စည်းများက ထမင်း ထုပ်များဝေငှခြင်း၊ ဆေးခန်းများ ဖွင့်လှစ်ကုသပေးခြင်း၊ သောက်ရေသန့်များ ထားပေး
ခြင်းများ ပြုလုပ်ပေးနေသည်။ ရေပြန်ကျသွားချိန်တွင်လည်း ကျေးရွာအတွင်း သန့်ရှင်းရေးများ ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမင်းထွန်းက ပြောကြားသည်။
ညီညီဇော် | 7day
မှတ်ချက်များ