ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်အတွက် စင်းလုံးငှားလေယာဉ် MAI က စတင်ပြီ
ဗုဒ္ဓဂါယာ ခရီးစဉ်များအတွက် MAI လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်ဖြင့် ဗုဒ္ဓဂါယာဘုရားဖူး ခရီးသွားရာသီအစ အောက်တိုဘာ ၁ ရက်မှ စတင်ငှားရမ်းပေးသွားမည်ဟု MAI လေကြောင်းလိုင်း ၏ ဈေးကွက်နှင့် ပြင်ပဆက်ဆံရေးအရာရှိက မအေးမရသာက ပြောသည်။
“တစ်ချို့ အုပ်စုလိုက်စင်းလုံးငှားတဲ့သူတွေအတွက် သွားချင်တဲ့ရက်မှာ အဆင်မပြေမှာ စိုးရိမ်လို့ပါ။ အဲ့ဒါ
ကြောင့် ကြိုတင်စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံတာပါ။ လေယာဉ်စဉ်းလုံးငှားတဲ့ ၀န်ဆောင်မှုအတွက် နာရီနဲ့ တွက်ပြီးယူတာပါ”ဟု ပြောသည်။
ဗုဒ္ဓဂါယာ ခရီးစဉ်အတွက် စင်းလုံးငှားလေယာဉ် လူဦးရေ ၁၈၀ ဆံ့ တစ်စီး၊ ၁၃၀ ဆံ့ တစ်စီးကို ငှားရမ်း နိုင်ပြီး
လေယာဉ်အတွက် ပုံမှန်ကျသင့်ငွေမှာ တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၆၀၀၀ ထောင်ခန့် ကျသင့်မည်
ဖြစ်ပြီး ဈေးနှုန်းကို ပြန်လည်ညှိနှိုင်းပေးနိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
မဇ္ဈိမဂုဏ် ဗုဒ္ဓဂါယာ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်အေးမြနန္ဒာက “ဘုရားဖူး ရာသီဆိုတော့ ဗုဒ္ဓဂါယာ ခရီးသွားတွေ များပါတယ်။ ခုနောက်ပိုင်းအဖွဲ့ သေးတွေလည်း များလာပါတယ်။ လေယာဉ်ခက အသွားအပြန်ကို လေးသိန်းလောက် ကျပါတယ်” ဟု ပြောသည်။
ဗုဒ္ဓဂါယာခရီးစဉ်အတွက် ခရီးသွားလုပ်ငန်းအဖွဲ့များတွင် သတ်မှတ်ဈေးနှုန်းအမျိုးမျိုးရှိပြီး ၎င်းအဖွဲ့မှ ၁၀ ရက် ခရီးစဉ်အတွက် ကျပ် ၇၅၀၀၀၀ မှ ကျပ် ၉၀၀၀၀၀ အထိ ရှိကြောင်း ၎င်းက ပြောသည်။
mizzima

မှတ်ချက်များ