Android OS အသုံးပြုမထားသည့် တန်ဖိုးနည်း စမတ်ဖုန်းကို အိန္ဒိယတွင် Samsung စတင်ရောင်းချ
Samsung ကုမ္ပဏီသည် Android OSကို အသုံးပြုမထားသည့် တန်ဖိုးနည်း စမတ်ဖုန်းများကို အိန္ဒိယတွင် စတင်ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံ၌ Samsungက ဒေါ်လာ(၉၀)ကျော်မျှဖြင့် ဖြန့်ချိရောင်းချသည့် စမတ်ဖုန်း များတွင် Google ၏ Android OS အစား Samsung၏ ထောက်ပံ့မှုဖြင့် ရေးဆွဲ အဆင့်မြှင်တင်ခဲ့သည့် Tizen Software ကို အစားထိုး အသုံးပြုထားသည်။
Samsungသည် Android OS ကိုသာ ၎င်းတို့၏ စမတ်ဖုန်းများအတွက် အဓိက သုံးစွဲခဲ့သော်လည်း ယခုခြေလှမ်းသည် Android OS အပေါ် မှီခိုနေရခြင်းမှ သိသိသာသာ ခွဲထွက်မှုတစ်ခု ဖြစ်လာခဲ့သည်။
Samsung Z1ဖုန်းကို ရူပီးငွေ (၅၇၀၀)၊ တစ်နည်းအားဖြင့် (၉၂)ဒေါ်လာမျှသာ တန်ဖိုးသတ်မှတ် ရောင်းချ
ခြင်းဖြစ်ပြီး Samsung က ထုတ်လုပ်သမျှ စမတ်ဖုန်း အမျိုးအစားများတွင် တန်ကြေး အနည်းဆုံး စာရင်းဝင် ဖုန်းတစ်မျိုးဟုလည်း သတ်မှတ်နိုင်သည်။
လူကြိုက်များသည့် Galaxy စီးရီးများ အပါအဝင် Samsung ၏ စမတ်ဖုန်း အများစုကို Android OS ဖြင့်
မောင်းနှင်နေသော်လည်း ယင်းအနေအထားကို ပြောင်းလဲရန်အတွက် Tizen ကို Samsung က မျှော် လင့်ချက် ကြီးမားစွာဖြင့် အထောက်အပံ့ ပေးထားခဲ့သည်။
Samsung Z1ကို ပြီးခဲ့သည့်နှစ် ဇွန်လက စတင်မိတ်ဆက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အမှန် တကယ် စတင်ရောင်းချမည့် အချိန်ကို ရွှေ့ဆိုင်းခဲ့ရသည်။ ဇန်နဝါရီ ၁၄ ရက်တွင် အိန္ဒိယ၌ Samsung Z1ကို စတင်ရောင်းချချိန်၌ ပထမဆုံးအကြိမ် စမတ်ဖုန်း စတင်ကိုင်တွယ်ဖူးသူ တစ်ဦးအတွက်ပင် အလွယ် တကူ အသုံးပြုနိုင်အောင် စီစဉ်ပေးထားကြောင်း တောင်ကိုရီးယား ကုမ္ပဏီက ကြေညာခဲ့သည်။
Tizen Softwareကို အသုံးပြုထားခြင်းဖြင့် အဆိုပါ စမတ်ဖုန်းသည် App များကို ဖွင့်လှစ် ဝင်ရောက်ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းများတွင် မြန်ဆန်စွာ ဆောင်ရွက်နိုင်သည့် ကောင်းကျိုးမျိုး ရရှိစေမည်ဟု Samsungက ဆိုသည်။
Samsung Z1 စမတ်ဖုန်းသည် (၄)လက်မအရွယ် Touchscreen နှင့် 3.1 megapixel အရည်အသွေးရှိ ကင်မရာတို့ ပါဝင်ပြီး 1.2 Gigahertz Dual-Core Processorဖြင့် မောင်းနှင်မည် ဖြစ်သည်။ ဖုန်း၏ ဘက် ထရီ အရွယ်အစားမှာ Samsung၏ နာမည်ကျော် ဖုန်းအမျိုးအစားများ၏ ထက်ဝက်မျှသာ ရှိသည်။
ဈေးကွက် ကျွမ်းကျင်သူများက Samsungသည် Tizen ကို တန်ဖိုးနည်း စမတ်ဖုန်းများအတွက် အဓိက အသုံး
ပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဈေးကွက်ချဲ့ထွင် ရောင်းချသွားဖွယ်ရှိကြောင်း သုံးသပ်ထားသည်။
7day

မှတ်ချက်များ