အမေရိကန်လက်ထောက် ဝန်ကြီး မောင်တောမြို့ခံတွေ နဲ့ ဆွေးနွေး


အမေရိကန် ပြည်ထောင်စုရဲ့ လူဝင်မှု၊ ဒုက္ခသည်များ နဲ့ ရွှေ့ပြောင်း သွားလာရေး ဆိုင်ရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး Ms. Anne Richard ဟာ မောင်တော မြို့လူကြီးတွေ နဲ့ ဒီကနေ့ တွေ့ဆုံပြီး ရခိုင်တိုင်း ရင်း သားတွေနဲ့ မွတ်ဆလင်တွေ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေ ထိုင်နိုင်ရေး အတွက် မေးမြန်းဆွေးနွေးခဲ့ တယ်လို့သိရ ပါတယ်။

မောင်တောမြို့နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စီစစ်ပြီး
နိုင်ငံ သားမဖြစ်သူတွေကို တတိယနိုင်ငံတွေက လက်ခံပေး ဖို့ မောင်တောမြို့ခံတွေက တိုက်တွန်းပြော ကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြို့ခံ ကိုမောင်ဝင်းသိန်းက ပြောပါတယ်။

" သူကဒီမှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ ဘယ်လိုလုပ်မလဲ အဲ့ဒါအဓိကထားပြီး ဆွေးနွေးကြပါတယ်၊ ၈၂ နိုင် ငံသားကိစ္စမှာဆိုရင် ဘင်ဂါလီဟာ ဘင်ဂါလီ လူမျိုး ပဲဖြစ်ရမယ်၊ တခြားနာမည်နဲ့လူမျိုးတွေမဖြစ် ရပါဘူး၊ အဲ့ဒီဘင်ဂါလီကို ၈၂ နိုင်ငံသား ဥပဒေအရစစ်ဆေးရပါ့မယ်၊ အဲ့ဒီလိုစစ်ဆေးလို့ တရားမဝင် ခိုးဝင် တဲ့ ဘင်ဂါလီတွေဆိုရင် သူတို့ကိုကူညီချင်တဲ့နိုင်ငံတွေက ကူညီရင် ဒီမှာအေးအေးချမ်းချမ်းဖြစ်သွားမယ်လို့ ကျနော်ထင်ပါတယ်"

Ms. Anne Richard ဟာ ဒီနေ့ညနေမှာ မောင်တောမြို့နယ် ဟင်္သာကျေးရွာမှာ မွတ်ဆလင်တွေနဲ့ သီးခြား
တွေ့ဆုံခဲ့ သလို ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဒုချီးရားတန်းကျေးရွာကို သွားရောက် လေ့လာခဲ့ တယ်လို့လည်း သိရ ပါတယ်။

မနေ့ကလည်း ဘူးသီးတောင်မြို့ပေါ်မှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ မွတ်ဆလင်ခေါင်းဆောင်
တွေနဲ့ သီးခြား စီတွေ့ဆုံပြီး ဒေသတွင်း လုံခြုံရေး၊ နိုင်ငံ သားစီစစ်ရေးနဲ့ ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်
ရေးကိစ္စတွေကို ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms. Richard ဟာ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေ
တွေကို လေ့လာ ဖို့အတွက် လာရောက်လေ့လာ တာဖြစ်ပြီး သူမရဲ့တွေ့ရှိချက်တွေကို အမေရိကန်နိုင်ငံ
ခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ကွန်ဂရက်လွှတ်တော်ထံ အစီရင်ခံသွားမယ် လို့လည်း သိရပါတယ်။

RFA

မှတ်ချက်များ