ဖရဲသီးနဲ့ သခွားမွှေး အရှုံးကြီးရှုံးတဲ့နှစ်
၂၀၁၃ ခုနှစ်ဟာ မြန်မာပြည်ကနေ စိုက်ပျိုးထွက်ရှိတဲ့ ဖရဲသီး၊ သခွားမွှေးတွေကို တရုတ်ပြည်သို့ တင်ပို့
ရောင်းချတဲ့ သက်တမ်းတစ်လျှောက်မှာ ဈေးနှုန်းအမြင့်ဆုံးရတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ အစေ့ပါဖရဲသီး တစ်ကီလို ကို ၆ ယွမ်၊ အစေ့မဲ့ဖရဲသီး တစ်ကီလို ၇ ဒသမ ၅ ယွမ်၊ သခွားမွှေး ၁၆ ဒသမ ၅ ယွမ် ဈေးနှုန်းအထိ ရရှိခဲ့ပါ တယ်။ ဒီဈေးနှုန်းတွေကို အရင်ကလည်း တစ်ခါမှမရှိခဲ့သလို နောင်ကာလတွေမှာ ပြန်ရနိုင်မယ်၊ မရနိုင်ဘူး ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ၂၀၁၃ ခုနှစ်မှာ ဖရဲသီး၊ သခွားသီး အောင်မြင်အောင် စိုက်ပျိုးဖြစ်ထွန်း ခဲ့တဲ့သူတွေ တစ်နှစ်တည်း မိသားစုတစ်စုက အိမ်စီးကားနှစ်စီး၊ သုံးစီးဝယ်စီးနိုင်ခဲ့တဲ့အထိရှိခဲ့ပြီး သခွားသီး ၁၂ ဘီး ကားတစ်စီး ဘောက်ချာရှင်းတာ သိန်း ၃၀၀ ကျော်အထိ ရရှိသွားတာလည်း ရှိခဲ့ဖူးပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ၂၀၁၃ ခုနှစ်ရဲ့ လုံးဝပြောင်းပြန်ဖြစ်သွားပါပြီ။ ၂၀၁၄ မှာတော့ ဖရဲသီး၊ သခွားမွှေး တရုတ်ပြည်ကို တင်ပို့ရောင်းချတဲ့ သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံးနှစ်လို သတ်မှတ်လို့ရတဲ့ အနေအ ထားကို ရောက်သွားပါတယ်။ ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဒီလိုအဖြစ်မျိုး မကြုံတွေ့ဖူးခဲ့သလို နောင် လာမယ့် ကာလတွေမှာလည်း ဒီလို ၂၀၁၄ မှာ ဖြစ်ခဲ့တဲ့ သင်ခန်းစာကို ယူတတ်ကြမယ်ဆိုရင် ထပ်မံမကြုံ
တွေ့နိုင်တော့ဘူးလို့ မျှော်လင့်မိပါတယ်။ လက်ရှိ ၂၀၁၄ နှစ်ကုန်ခါနီးမှာတော့ ဖရဲသီး၊ သခွားမွှေးစိုက်ပျိုးသူ
တွေ ၉၀ ရာခိုင်နှုန်းအထက် အရှုံးကြီးနဲ့ အရှုံးလေးပါပဲ။ မြတ်တဲ့လူ တော်တော်နည်းပါတယ်။
ကိုယ့်မှာရှိတဲ့ ဘာကိုရောင်းရမလဲဆိုတာ စဉ်းစားနေရပါပြီ။ စိုက်ပျိုးသူတွေ ရှုံးတော့ မူဆယ်က ပွဲရုံတွေ လည်း မုန်တိုင်းအဖျားခတ်တာ မလွတ်နိုင်ပါဘူး။ တစ်စီးလုံးရောင်းတာ ကားခမလောက်လို့ ခဏ (အဲဒီခဏ က အချိန်အကန့်အသတ်မရှိပါ) စိုက်ပေးထားရတဲ့ အဖြစ်မျိုးကတော့ ဘယ်ပွဲရုံမှ မလွတ်ကင်းပါဘူး။ အရင်တုန်းကတော့ အသီးအရည်အသွေးက အလွန်ကို ညံ့မှသာ ကားခမပေးလောက်တဲ့ အနေအထားမျိုး ကြုံရတာပါ။ ဒီ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ထိကတော့ အလယ်အလတ် အရည်အသွေးလောက်ကို ကား ခပေးလောက်အောင် မရောင်းနိုင်တဲ့ အနေအထားမျိုးပါ။ အကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါ တွေ့မိ တဲ့အချက်တချို့ကို ဝေမျှကြည့်ခြင်းပါ။
စိုက်ပျိုးထုတ်လုပ်မှုပမာဏ ၀ယ်လိုအားထက်ပိုမိုခြင်း
တရုတ်နိုင်ငံအနှံ့အပြားက မြန်မာပြည်မှ ဖရဲသီး၊ သခွားသီးတွေကို လာရောက်ဝယ်ယူကြတာကလည်း လုံးဝစားသုံးဖို့အတွက်သာ ဖြစ်ပါတယ်။ စက်မှုကုန်ကြမ်းအတွက် လုံးဝမရှိပါ။ သူ့ရဲ့စားသုံးနိုင်အား မလုံ
လောက်ရင် ဈေးတက်ပြီး စားသုံးနိုင်အား ပိုလျှံသွားရင် ဈေးကျမှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားက စားသုံးနိုင်အားထက် ပိုမိုထုတ်လုပ်ရောင်းချတဲ့ အနေအထားမျိုးပါ။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီလတွေဟာ တရုတ်နိုင်ငံမှာ ရာသီဥတုအလွန်အေးတဲ့ကာလဖြစ်ပါတယ်။
မြောက်ပိုင်းဒေသတွေဆိုရင် အအေးဆုံး ၁၀ ဒီဂရီစင်တီဂရိတ်ကနေ ၃၀ ဒီဂရီ စင်တီဂရိတ်ထိရှိပါတယ်။ အဲဒီဒေသတွေမှာ ဖရဲသီး၊ သခွားသီးတွေကို ဒီလိုအလွတ်ပုံထားလို့မရပါဘူး။ ကောက်ရိုးကတ်တွေ၊ ဂွမ်း ကတ်တွေနဲ့ လုံလုံခြုံခြုံအုပ်ထားရပါတယ်။ သာမန်လူတွေ ဖရဲသီးဝယ်မစားကြသလို နေရာတကာ အလွယ် တကူဝယ်စားလို့ရနိုင်တဲ့ အနေအထားမျိုးလည်း ရောင်းချလို့မရတဲ့ ရာသီဥတုအနေအထားပါ။ အပူငွေ့ပေး ထားတဲ့ စူပါမားကက်တွေထဲမှာပဲ လက်လီရောင်းချပြီး ဟိုတယ်တွေ၊ ကေတီဗီတွေ၊ စားသောက်ဆိုင်ကြီး
တွေမှာသာ အများဆုံးစားသုံးကြတာပါ။
၂၀၁၃ ခုနှစ် ဖရဲရာသီအစ အောက်တိုဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ ဖရဲသီးကားအစီးရေ ၅,၈၁၇ စီး၊ တန်ချိန်ပေါင်း ၇၉,၂၈၃ တန်သာ တရုတ်ပို့ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၄ ခုနှစ်ရာသီအစ အောက်တို ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖရဲသီးကားအစီးရေ ၈,၉၇၅ စီး တန်ချိန်ပေါင်း ၁၃၁, ၈၃၉ တန်ထိ ရှိခဲ့ပါတယ်။ ပမာဏအနေနဲ့ ၁ ဒသမ ၆၆ ဆရှိပါတယ်။ သခွားသီးလည်း ၂၀၁၃ ခုနှစ်ရာသီ အစ အောက်တိုဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကားစီးရေ ၁,၀၆၂ စီး၊ တန်ချိန်ပေါင်း ၆,၈၇၉ တန်သာရှိပြီး ဒီနှစ်ရာသီအစ အောက်တိုဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သခွားသီးကားစီးရေ ၃,၉၄၃ စီး၊ တန်ချိန်ပေါင်း ၂၃,၈၁၀ တန်ထိ ရှိခဲ့ပါတယ်။
မနှစ်ကထက် အဆပေါင်း ၃ ဒသမ ၄၆ ဆရှိပါတယ်။ တရုတ်နိုင်ငံက စားသုံးဖို့တစ်ခုတည်းအတွက်ပဲ ၀ယ် တာဖြစ်တဲ့အတွက် စားသုံးနိုင်အားထက်ကို ကျော်လွန်သွားတာပါ။ ရောင်းလိုအားကများပြီး ဈေးနှုန်းကျပြီး ရင်း ကျနေတဲ့အတွက် ၀ယ်ယူရောင်းချတဲ့ တရုတ်ကုန်သည်တွေမှာလည်း တချို့သောလူတွေ အရှုံးနဲ့မကင်း ကြပါဘူး။
ဈေးနှုန်းက မတန်တဆကျဆင်းနေတဲ့အတွက် ၁၀၅ မိုင်မှာရှိတဲ့ တချို့သော ပွဲရုံတွေက ဖရဲသီး၊ သခွားသီး
တွေကို ကားအစီးလိုက် ဘာသာရေးအခမ်းအနားတွေ၊ မိဘမဲ့ကလေးကျောင်းတွေကို သွားရောက်လှူဒါန်း တာတွေ ရှိပါတယ်။ ဒီဇင်ဘာ ၃၁ ရက်က ကြားရတဲ့ သတင်းထူးတစ်ခုကတော့ စာသင်သား ၈၀၀ နီးပါးရှိ တဲ့ ၁၀၅ မိုင်က မိဘမဲ့ကျောင်းမှာ သခွားသီးလာလှူရင် လက်မခံတော့ဘူးလို့ သတင်းကြားရပါတယ်။
အဲဒါနဲ့ အဲ့ဒီကျောင်းမှာ စာပြနေတဲ့ ဆရာတစ်ယောက်ကို ဖုန်းဆက်မေးကြည့်တဲ့အခါ သတင်းကမှန်နေ ပါတယ်။ ကျောင်းမှာ ကားငါးစီးစာလောက်ရှိပြီး ကျောင်းမှာခွဲလည်းကျွေးတယ်။ အပြင်ကနေ ကျောင်းလာ တက်တဲ့ ကလေး ၅၀၀ လောက်ကိုလည်း ကျောင်းဆင်းရင် တစ်ယောက်ကို နှစ်လုံး၊ သုံးလုံးလောက် ယူပြန် ခိုင်းတယ်။ အဲဒီမှာ ဆေးရုံနဲ့ ဂျပန်လှူတဲ့ စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းခွင်က ပန်းရန်လက်သမား အယောက် ၄၀ လောက်လည်း နေ့တိုင်းစားကြတယ်။ အဲဒါကို မကုန်နိုင်လို့ လက်မခံသေးတာပါတဲ့။
အသီး၏ အရည်အသွေးအဆင့် မမီခြင်း
ဒီအချက်ကလည်း တစ်နှစ်ပြီးတစ်နှစ်နဲ့ တစ်နေ့တခြား ပိုမိုပေါ်လွင်ပီပြင်လာပါပြီ။ ဒီ ၂၀၁၄ တန်ဆောင် မုန်းလပြည့်အထိ တစ်နိုင်ငံလုံးအနှံ့ ရွာခဲ့တဲ့ မိုးကြီးဟာ ဖရဲသီးခင်း၊ သခွားသီးခင်းတွေကို လုံးဝထိခိုက်စေ ခဲ့ပြီး အသီးရဲ့အရည်အသွေးကို ဆိုးရွားစွာနိမ့်ကျစေခဲ့ပါတယ်။ မြန်မာနိုင်ငံက ဖရဲသီးနဲ့ သခွားသီးတွေကို လာရောက်ဝယ်ယူတဲ့ ၀ယ်လက်တရုတ်နိုင်ငံဟာ တစ်နေ့တခြားဖွံ့ဖြိုးတိုးတက်လာနေပြီး ချမ်းသာလာတဲ့ အလျောက် ၎င်းတို့ရဲ့ အရည်အသွေးစံချိန်သတ်မှတ်ချက်ဟာလည်း တစ်နေ့တခြား ပိုမိုမြင့်မားလာပါတယ်။
ဝယ်လိုအားများပြီး ရောင်းလိုအားနည်းလို့ ရွေးချယ်ပိုင်ခွင့်နည်းတဲ့ အချိန်တုန်းကတော့ အရည်အသွေးစိစစ် မှုနည်းခဲ့ကြပေမယ့် လာရောက်ဝယ်ယူတဲ့ တရုတ်ကုန်သည်အများစုဟာ သူတို့ရောင်းချတဲ့ဒေသမှာ ၀ယ်လို အားများခဲ့တဲ့အတွက်ကြောင့် ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိခဲ့ကြပါတယ်။ အဲဒီလို အနေအထားတွေ ကျော် လွန်ပြီးသွားပြီဖြစ်တဲ့ အခုလက်ရှိအနေအထားမှာတော့ ချမ်းသာတဲ့ စားသုံးသူလူတန်းစား များလာတဲ့ အနေ အထားတွေကြောင့် အရည်အသွေးမကောင်းတဲ့ အသီးတွေအတွက် နေရာကျဉ်းမြောင်းလာနေပြီဆိုတာ ထက် နေရာမရှိတော့မယ့် အနေအထားမျိုးကို ရောက်ရှိလာတော့မယ့် အနေအထားမျိုး မြင်တွေ့လာနေရ ပါပြီ။
ဝယ်လက်တရုတ်တွေရဲ့ အရည်အသွေးသေချာစိစစ်ရတဲ့ အကြောင်းရင်းကို လေ့လာကြည့်တဲ့အခါ သူတို့ ၀ယ်ယူရောင်းချတဲ့ လုပ်ငန်းစဉ်အနေအထားကို လေ့လာသိရှိမိသလောက်ကိုလည်း ဝေမျှချင်ပါတယ်။ ၁၀၅ မိုင်မှာ ဖရဲသီး၊ သခွားသီး လာရောက်ဝယ်ယူနေတဲ့ တရုတ်နိုင်ငံအနှံ့အပြားက ကုန်သည်အားလုံးဟာ တစ် ဆင့်ပြန်လည်ရောင်းချဖို့ ၀ယ်ယူတဲ့သူချည်းပါပဲ။ ကိုယ်တိုင်စားသုံးဖို့ ၀ယ်ယူသူမရှိပါ။
အနီးဆုံးဝယ်လက်ဖြစ်တဲ့ ယူနန်ပြည်နယ်မြို့တော်၊ ကူမင်မြို့ကြီးဟာ ၁၀၅ မိုင်နဲ့ ကီလိုမီတာ ၇၀၀ ကျော် ကွာဝေးပါတယ်။ ကျန်တဲ့ ပြည်နယ်မြို့တော်တွေက ကီလိုမီတာ ၁,၀၀၀ ကျော်ကနေ ကီလိုမီတာ ၄,၀၀၀
ကျော်အထိရှိပါတယ်။ ၁၀၅ မိုင်က ဖရဲသီး၊ သခွားသီးများကို အစီးလိုက်ဝယ်ယူပြီး ကားအစီးလိုက် တစ်ခါ တည်း အပြတ်ရောင်းချခြင်းမျိုးမဟုတ်ပါ။ ကီလိုရာဂဏန်းကနေ တစ်တန်၊ နှစ်တန် လက်လီစိတ် ရောင်းချ ကြပါတယ်။ မာကျောမှုမရှိတဲ့၊ အသံမကောင်းတဲ့ အမှည့်လွန်အသီး၊ ရွဲ့စောင်းတဲ့အသီး၊ အခွံပွန်းပဲ့တဲ့အ သီးတွေကို ပယ်ထုတ်ပြီး အကောင်းဆုံးကိုသာ ရွေးယူတာပါ။ ပယ်ထုတ်တာတွေကို ပယ်သီးဈေးအနေ နဲ့ လျှော့ရောင်းရတာပါပဲ။
တချို့သော မြို့ကြီးတွေမှာ ကားကြီးပေါ်ကနေ မရွေးချယ်ဘဲ အလုံးကောက်ချိန်ရောင်းတာရှိပါတယ်။ အဲဒီ လိုရွေးချယ်ခွင့်မပြုဘဲ ၀ယ်သွားတဲ့ ၀ယ်သူက သူ့ဆီမှာ ဖရဲသီးကို ခွဲလိုက်လို့ အမှည့်လွန်နေတာ၊ အနာ ကွက်ပါနေတာတွေတွေ့ရင် ဖရဲသီးနှစ်ခြမ်းကိုယူလာပြီး ရောင်းတဲ့သူက အရွယ်တူအကောင်း တစ်လုံးနဲ့ လဲပေးရပါတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ အဲဒီနည်းနဲ့ ရောင်းချရပါတယ်။ မြန်မာပြည်မှာလည်း ဖရဲသီးပွဲရုံ
တွေက ဗန်းသည်တွေကို ဖရဲသီးခွဲပေး၊ စိတ်ပေးရပါတယ်။ အမှည့်လွန်ပြီး အတွင်းသားမကောင်း၊ အစိတ်မ ခံတဲ့ ဖရဲသီးကို ရောင်းပေးလို့မရပါဘူး။
တရုတ်နိုင်ငံမှာလည်း အဲဒီသဘောပါပဲ။ ၁၀၅ မိုင်ကနေတစ်ဆင့် သယ်သွားရောင်းတဲ့ လမ်းခရီးကဝေး၊ တစ်လုံးချင်းရွေးချယ်ပြီး ရောင်းနေရတဲ့ အနေအထားတွေကြောင့် လက်ရှိအနေအထားအရ သခွားမွှေး၊ ဖရဲသီး စိုက်ပျိုးထုတ်လုပ်မှုနှုန်း မြင့်မားပြီး မြန်မာပြည်က ရောင်းလိုအားများနေတဲ့ အခြေအနေမျိုးမှာ အဝေး တင်ခံ၊ အထားခံနိုင်တဲ့ အရည်အသွေးအဆင့်မမီတဲ့ ဖရဲသီး၊ သခွားသီးတွေ ဈေးကောင်းရနိုင်မှာမဟုတ်ပါ။
၂၀၁၄ ခုနှစ်ရဲ့ ဖြစ်ပျက်ခဲ့တဲ့အခြေအနေ သုံးသပ်ချက်အရ စရောင်းကတည်းက ၂၀၁၃ ကာလတူအခြေအ
နေနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းများစွာ နိမ့်ကျခဲ့ပါတယ်။ အဲဒီမှာ ဖရဲသီး၊ သခွားသီးစိုက် တောင်သူအများစုဟာ အသီးဈေးနှုန်း တစ်ရက်ပြီးတစ်ရက် ဈေးတက်နိုးနဲ့ အသီးကိုနောက်ဆွဲပြီးထားရင်းနဲ့ ထားလို့မရတော့တဲ့ အနေအထားရောက်မှ ခူးဆွတ်ပြီး တင်ရောင်းကြပါတယ်။ အပင်ပေါ်မှာ မှည့်တဲ့အနေအထား ရောက်နေပြီ
ဖြစ်တဲ့အတွက် ၁၀၅ မိုင်ရောက်တော့ အဝေး၀ယ်လက်ကို ရောင်းချဖို့ ရောင်းပန်းမလှတော့ပါဘူး။
အဲဒီမှာ ရောင်းဈေးနှုန်းက မရပေမယ့် ထားလို့မသင့်တော်တော့ ရတဲ့ဈေးနဲ့ ရောင်းရတဲ့အပြင် အမှည့်လွန် တာတွေကိုလည်း ပယ်ထုတ်ခံရပါတယ်။ ၀ယ်သွားတဲ့ တရုတ်ကုန်သည်ကလည်း တစ်ဆင့်ပြန်ရောင်းချ တဲ့နေရာမှာ အသီးတွေက အမှည့်ဘက်များနေတဲ့အတွက် ဈေးနှုန်းမတင်ရဲဘဲ အမြန်ရောင်းရတာပါပဲ။
အရည်အသွေးကောင်းသော အသီးနှင့် အရည်အသွေးကောင်းရန် လိုအပ်ချက်များ
အရည်အသွေးကောင်းတဲ့ ဖရဲသီးဟာ လက်ရှိဈေးကွက် တောင်းဆိုမှုအရ အနည်းဆုံး ၁၀ ကီလိုဂရမ်ရှိရပါ မယ်။ အမှည့်လွန်ခြင်း အသီးနုပြီး အမှည့်လိုခြင်းမရှိစေရပါ။ အတွင်းသားရေဓာတ်မများဘဲ ကျစ်လျစ်ပြီး အရသာချိုရပါမယ်။ လတ်ဆတ်သော အညှာပါရမှာဖြစ်ပြီး အခွံပွန်းပဲ့ခြင်း မရှိစေရပါ။
ဖရဲသီးကို နေရောင်ပြင်းတဲ့အချိန်မှာ အပြင်ခွံအရောင်မပျက်စီးဖို့အတွက် ကောက်ရိုး (သို့မဟုတ်) သတင်း စာအုပ်ပေးသင့်ပါတယ်။ သခွားသီးလည်း ဒီလိုပါပဲ။ အမျိုးအစားအလိုက် အငယ်ဆုံး (၂)ကီလိုဂရမ်ရှိရပါ မယ်။ ရွှေသခွားဆိုရင် အပြင်ခွံမှာ အစက်အပြောက်ကင်းပြီး ကိုင်တွယ်သယ်ယူရာမှာ အခွံပွန်းအောင် ဂရုစိုက်ရပါမယ်။ ပိုက်သခွားဆိုရင် အပြင်ခွံမှာရှိသင့်တဲ့ ပိုက်ကွက်ရှိရပါမယ်။
ကားပေါ်တင်တဲ့ နေရာမှာလည်း မျက်စိပသာဒရှိအောင် သေချာစီပြီး တင်ရပါမယ်။ လမ်းခရီးတစ်လျှောက် မှာလည်း ဖုန်များတဲ့နေရာမှာ ဖုန်မတင်အောင် ကားနောက်ပိုင်းကို လုံအောင်အုပ်မိုးပေးသင့်ပါတယ်။
လက်ရှိအနေအထားအရ အသီးများကို ၁၀၅ မိုင်မှာရောင်းပြီး တရုတ်နိုင်ငံ ၀မ်တိန်မှာ ကားချင်းပြောင်း တင်ရပါတယ်။ ၁၀၅ မိုင်မှာရောင်းတာ အရောင်းအ၀ယ်မပြတ်သေးပါဘူး။ ၀မ်တိန်မှာ ကားချင်းပြောင်းတင် ပြီးမှသာ အရောင်းအ၀ယ်ပြီးတာပါ။ အသီးရဲ့အရည်အသွေးကို တစ်လုံးချင်းအစစ်ဆေးခံရတာပါ။
အသီးအသေးတွေ အညံ့တွေကို အောက်မှာထားပြီး အကြီးတွေအလှတွေကို အပေါ်မှာဖုံးပြီး ရောင်းလို့မရ ပါဘူး။ ၁၀၅ မိုင်မှာ ရောင်းတာအများဆုံး (၄)နာရီအချိန်အတွင်းမှာ ကားအစီးရေ (၅၀၀)ကျော် ရောင်းရ တာပါ။ ရောင်းတဲ့အချိန်မှာ အရည်အသွေးစစ်ဖို့ မဖြစ်နိုင်ပါဘူး။ အရည်အသွေးပိုင်း မှန်မှန်ကန်ကန်လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ မမှန်မကန်လုပ်ရင် လုပ်သူသာခံရမှာပါ။
ပါဝင်ကူညီသင့်သူများ
လက်ရှိအခြေအနေမှာ သခွားသီး၊ ဖရဲသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောလို့ရနေပါပြီ။ ဖရဲသီးနဲ့ သခွားသီးနှစ်မျိုးပေါင်း တစ်ရက်ကို တန် ချိန် (၁,၀၀၀)ကနေ (၅,၀၀၀)ကျော်အထိ ရာသီချိန်မှာ နေ့စဉ်တင်ပို့နေရတာပါ။ စိုက်ပျိုးထုတ်လုပ်သူ၊ စိုက်ခင်းထဲက အလုပ်သမား၊ သယ်ယူပို့ဆောင်ဖို့ ပေါင်းကူးဆက်သွယ်ပေးတဲ့ ကားဂိတ်နဲ့ မော်တော်ကား များ၊ ရောင်းချတဲ့ ပွဲရုံနဲ့ အလုပ်သမားများစတဲ့ လူဦးရေသိန်းချီ ပတ်သက်ဆက်နွှယ်နေပါတယ်။
တင်ပို့ရောင်းချတဲ့ တရုတ်နိုင်ငံဟာလည်း တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်နေပြီး လူချမ်းသာတွေများလာတဲ့
နိုင်ငံပါ။ ဒီလုပ်ငန်းနဲ့ ပတ်သက်ဆက်သွယ်နေသူအားလုံး ရေရှည်အကျိုးရှိဖို့အတွက် အရည်အသွေး
ကောင်းတဲ့ အသီးတွေ ထုတ်လုပ်နိုင်ဖို့ ဘက်ပေါင်းစုံက ၀ိုင်းဝန်းလုပ်ဆောင်ကြရမှာပါ။ ဈေးကွက်ဝယ်လို အားနဲ့ ထုတ်လုပ်မှုပမာဏကတော့ တွက်ချက်ဖို့ ခက်ခဲမှာပါ။ မြန်မာပြည်က သခွားသီး၊ ဖရဲသီးအချိန်တူ ထွက်တဲ့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၊ ကွမ်ရှီးပြည်နယ်၊ ဟိုင်နန်ကျွန်းပြည်နယ်တွေမှာ ရာသီဥတုဖောက်
ပြန်ပြီး မုန်တိုင်းကြီးတွေဝင်လို့ သူတို့ဆီက ဖရဲခင်းတွေ၊ သခွားသီးခင်းတွေ ပျက်စီးတဲ့နှစ်နဲ့ ကြုံရင် မြန်မာ
နိုင်ငံက ထွက်ရှိသလောက် ဈေးကောင်းရရှိတတ်ပါတယ်။
အရည်အသွေးကောင်းကောင်းနဲ့ ထွက်နှုန်းကောင်းဖို့အတွက် ဖရဲသီး၊ သခွားသီးစိုက်ပျိုးရာမှာ ခေတ်မီနည်း ပညာနဲ့ နည်းစနစ်တွေ လေ့လာဆည်းပူအသုံးချမှရတော့မှာပါ။ စိုက်ခင်းထဲက လုပ်သားတွေကစပြီး ဖရဲသီး၊ သခွားသီးတွေ နိုင်ငံခြားပို့ (Export)ကုန်ဖြစ်တဲ့အတွက် အစစအရာရာ ဂရုစိုက်လုပ်ရမယ်ဆိုတဲ့ အသိလေး ရှိရမှာပါ။ သယ်ယူပို့ဆောင်ပေးတဲ့ မော်တော်ယာဉ်မောင်းတွေကလည်း ကိုယ့်ကားပေါ်က အသီးတွေ မပျက်စီးရလေအောင် လတ်လတ်ဆတ်ဆတ်နဲ့ အချိန်မီရောက်အောင် ၀ိုင်းဝန်းကြိုးစားပေးရမှာပါ။
လက်ရှိ ကုန်သွယ်မှုဖွံ့ဖြိုးလာတဲ့ အခြေအနေအရ ကုန်တင်မော်တော်ယာဉ်ကြီးတွေ များပြားလာပြီး လမ်း
ဖြတ်သန်းခကောက်ခံတဲ့ Toll Gate တွေမှာ ကုန်တင်မော်တော်ယာဉ်ကြီးတွေ လမ်းဖြတ်သန်းခပေးဆောင် ဖို့ကို အချိန်ကုန်ခံပြီး တန်းစီစောင့်ဆိုင်းနေရတဲ့ ပြဿနာကိုလည်း လမ်းဖောက်လုပ်တဲ့ ကုမ္ပဏီကြီးတွေက လက်ရှိလိုင်းတစ်လိုင်းကနေ နောက်တစ်လိုင်း တိုးမြှင့်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေမှာပါ။
၁၀၅ မိုင်မှာရှိတဲ့ သစ်သီးပွဲရုံတွေကလည်း အခြေအနေမှန်ကို လေ့လာပြီး ဖြစ်သင့်တဲ့ ပေါက်ဈေးအတိုင်း
ရောင်းချနိုင်တဲ့ အရည်အချင်းမျိုးရှိအောင် လေ့လာဆည်းပူးသင့်တဲ့ အချက်တွေကို လေ့လာဆည်းပူးသွား ရမှာ ပါ။ ပို့ကုန်သစ်သီးရဲ့ လတ်ဆတ်မှုဟာ အလွန်အရေးကြီးတဲ့အတွက် ခူးဆွတ်ရာကနေ ဈေးကွက်
ရောင်းတဲ့အထိ အချိန်တိုလေကောင်းလေပါပဲ။
၁၀၅ မိုင်မှာ လက်ရှိစစ်ဆေးနေတဲ့ စနစ်ကိုလည်း လက်ရှိ ထက်ပိုပြီး မြန်ဆန်စေချင်ပါတယ်။ ၁၀၅ မိုင် ကနေ ရောင်းချပြီးတဲ့ အသီးကားတွေ စစ်ဆေးခံပြီး ရုံးတွင်းဆောင်ရွက်စရာများ ဆောင်ရွက်ပြီးတော့နေ့ ချင်းဝမ်တိန်မှာ ကားချင်းပြောင်းတင်နိုင်တဲ့ အဆင့်ကို ရာနှုန်းပြည့် မရောက်နိုင်သေးပါ။ ကြူကုတ်ပန်ဆိုင်း မှာ ၁၀၅ မိုင်ကနေ ဆင်းသွားတဲ့ အချို့သော အသီးကားတွေ ညအိပ်နေရတာ နေ့တိုင်းလိုလိုရှိပါတယ်။
ဘက်ပေါင်းစုံပါဝင်ကူညီသင့်သူများ ၀ိုင်းဝန်းလုပ်ဆောင်ကြမှသာ အရည်အသွေးရှိတဲ့ အသီးတွေကို အချိန် တိုတိုနဲ့ လတ်လတ်ဆတ်ဆတ် ဈေးကွက်ကိုရောက်အောင် ပို့ဆောင်နိုင်မှာဖြစ်ပြီး ထိုက်သင့်တဲ့ဈေးနှုန်း အမှန်ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှသာ စိုက်ပျိုးထုတ်လုပ်သူကစပြီး ပါဝင်ပတ်သက်နေတဲ့ လူတန်းစား အားလုံး အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်း စေတနာကောင်းနဲ့ ရေးသားဖော်ပြအပ်ပါတယ်။
ဦးစိုင်းမြင့်ဗိုလ် | 7day
_1.jpg)
မှတ်ချက်များ