ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား

အစိုးရစစ်တပ်နှင့် ကေအိုင်အေတို့ ဇန်နဝါရီ ၁၅ ရက် တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးဒဏ်ရာ ရရှိမှုများရှိကာ ဒေသခံ ၁,၀၀၀ နှင့် ခရီးသည်တင်ကား အစီး ၁၀၀ ခန့် ပိတ်မိခဲ့

ကချင်ပြည်နယ်ရှိ ကေအိုင်အေထိန်းချုပ်ရာ နယ်မြေတစ်ခုတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ကေအိုင်အေ တပ် ဖွဲ့ဝင်နှစ်ဦးကို ၂၀၁၂ ဒီဇင်ဘာလက တွေ့ရစဉ် / ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)က ဖမ်းဆီး ထိန်းသိမ်းပြီး တစ်ရက် အကြာ ဇန်န၀ါရီ ၁၅ ရက် တစ်နေ့လုံး အစိုးရစစ်တပ်နှင့် ကေအိုင်အေ တို့ကြား ဖားကန့်ဒေသ၌ တိုက်ပွဲများ
ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဇန်န၀ါရီ ၁၄ ရက်က ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး ဦးကမန်းဒူးနော်နှင့်အတူ လုံခြုံ ရေးလိုက်ပါလာ သည့် ရဲတပ်ဖွဲ့ ၀င် သုံးဦးကို ကေအိုင်အေတပ်ရင်း (၆)က ဖားကန့်-ဂွေခါးလမ်းပိုင်း၌ ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်။ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဇန်န၀ါရီ ၁၅ ရက် နံနက် ၇ နာရီ၌ ပြန်လည်လွှတ်ပေးမည်ဟု အစိုးရသို့ အကြောင်းကြားထားသော်လည်း နံနက် ၅ နာရီခန့်မှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဖား ကန့်ဒေသအခြေစိုက် ကေအိုင်အေတပ်ရင်း (၆) မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

မြန်မာ့တပ်မတော်က ကေ အိုင်အေတပ်ရင်း (၆)နယ်မြေသို့ နံနက် ၅ နာရီမှစတင်၍ လက်နက်ကြီးဖြင့် အ ချက် ၆၀ ခန့် ပစ်ခတ်ခဲ့ပြီးနောက် အင်အားသုံးဝင်ရောက်လာပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ နံနက် ၅ နာရီမှ ညနေ ၅ နာရီခန့်ဝန်းကျင်အထိ လက်နက်ကြီးဖြင့် စုစုပေါင်း အချက် ၂၀၀ ခန့်ပစ်ခတ်ခဲ့သည်ဟု ကေအိုကေ တပ်ရင်း (၆) ထိပ်တန်းအရာရှိတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရဲသုံးဦး ဖမ်းဆီးခဲ့သောနေ ရာမှာ မိုင် (၂၀)ခန့် ကွာဝေးကြောင်း သတင်းရရှိသည်။

‘‘မနေ့က ရဲတပ်ဖွဲ့ဝင်တွေကို အကြောင်းပြပြီး ထိုးစစ်ဆင်တာ ဒီနေ့ မနက် ၇ နာရီလွှတ်ပေးမယ်ဆိုတာကို အကြောင်းကြားပြီးပြီ။ အခုလို ဖြစ်နေတော့ လွှတ်ပေးလို့ မရသေးဘူး’’ဟု အထက်ပါ အရာရှိက ပြောသည်။

ဇန်န၀ါရီ ၁၄ ရက်တွင် ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ရာ ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ ဇန်န၀ါရီ ၁၅ ရက် တိုက်ပွဲဖြစ် စဉ်များနှင့် ပတ်သက်၍ မပခသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ညနေ ၅ နာရီအထိ အ ဆက်အသွယ်မရရှိသေးပေ။

ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ နံနက်အစောပိုင်းမှ စတင်ဖြစ် ပွားသော တိုက်ပွဲမှာ ညနေ ၄ နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့ပြီး နှစ်ဖက်ကျဆုံးဒဏ်ရာရသူများစာရင်းကို စိစစ် ပြီးနောက် ထုတ်ပြန်မည်ဟုဆိုသည်။

7Day ၏ ဒေသတွင်း သတင်းရင်းမြစ်များကမူ တိုက်ပွဲတွင်လက်နက်ကြီးများအသုံးပြုခဲ့သောကြောင့် ကေ အိုင်အေဘက်တွင် အကျအဆုံး ဒဏ်ရာရသူ ပိုများကြောင်း သတင်းပေးပို့သည်။

ဇန်န၀ါရီ ၁၅ ရက်တွင် အောင်ဘာလေ ကျေးရွာအနီးရှိ ကေအိုင်အေ မိုင်ဆတ်ကောင်ရှေ့တန်းစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နောက်ဆုတ် ပေးခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြော သည်။

ထို့ပြင် အောင်ဘာလေကျေး ရွာဒေသခံ တစ်ထောင်ခန့် ပိတ်မိနေပြီး ရွာတွင်းရှိ ဘာသာရေးအဆောက် အအုံများတွင် စုဝေးနေကြကြောင်း သတင်းရရှိသည်။

တိုက်ပွဲများကြောင့် ဖားကန့် -မြစ်ကြီးနားလမ်းကို မိုးကောင်း လမ်းဆုံ၊ လက်ဝဲလမ်းဆုံတို့မှ ပိတ်ထားပြီး ခရီးသည်များ အပါအ၀င် ကားအစီးတစ်ရာခန့် ပိတ်မိနေကြောင်း ယင်းနေရာရှိ ယာဉ်မောင်းတစ်ဦးက ပြော သည်။

ယခု တိုက်ပွဲဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သောရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ သတ်မှတ်လမ်းကြောင်းမဟုတ်ဘဲ ရှေ့တန်းနယ်မြေအတွင်းသို့ လက်နက်နှင့်အတူ ၀င်ရောက်လာခြင်း
ကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အေက ဆိုသည်။

နိုင်ငံတော်သမ္မတသည် ပြီးခဲ့သော ဇန်န၀ါရီ ၁၀ ရက်က မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် မနောပွဲသို့ တက်
ရောက်ခဲ့ကာ ပြည်သူများလိုလားသည့် ငြိမ်းချမ်းရေးရရှိရန် လက်တစ်ကမ်းသာ လိုအပ်တော့ကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို မကြာမီ လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ငါးရက်အကြာတွင် ဖားကန့်ဒေသ အောင်ဘာလေကျေးရွာဝန်းကျင်၌ တပ်မတော်နှင့် ကေအိုင်ကေတို့ တိုက် ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ‘‘ အခုချိန်မှာ တိုက်ပွဲတွေ မဖြစ်သင့်ဘူးလို့ နှစ် ဖက်စလုံးကို အကြောင်းကြားထားတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း ဆက်တိုက် လာတော့မှာ။ တိုက်ပွဲတွေကြောင့် အဟန့်အတားဖြစ်စေနိုင်တယ်’’ ဟု ပြောသည်။ မကြာသေးမီက သစ်မှောင်ခို ကိစ္စများ တွင် ကေအိုင်ကေ ပါဝင်ပတ်သက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေချိန်တွင် ဖားကန့်ဒေသ၌ တစ် ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

  • ဇန်န၀ါရီ ၁၄- ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးအဖွဲ့အားကေအိုင်အေတပ်ဖွဲ့ဝင်အ ချို့က တားဆီးပြီး ရဲသုံးဦးကို ဖမ်းဆီးထား။
  • ဇန်န၀ါရီ ၁၅ − ရဲသုံးဦးဖမ်းဆီးထားသည့် နေရာနှင့် မိုင် ၂၀ ခန့်အကွာရှိ ကေအိုင်အေ တပ်ရင်း(၆) နယ်မြေတွင် နံနက် ၅ နာရီဝန်းကျင်မှ စတင်၍ တစ်နေကုန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား။
  • တိုက်ပွဲတွင် နှစ်ဖက်ကျဆုံးမှုများရှိပြီး အောင်ဘာလေရွာမှ ဒေသခံ တစ်ထောင်ခန့် တိမ်းရှောင်နေရ ပြီး၊ ကားအစီး ၁၀၀ ခန့် လမ်းပိတ်ထား၍ ပိတ်မိ။
  • ဇန်န၀ါရီ ၅ ရက်တွင် ၀ိုင်းမော်တွင် သစ်ခိုးထုတ်သူများဖမ်းမိရာကေအိုင်အေ စီးပွားရေးတာဝန်ခံက လက်မှတ်ရေးထိုးထားသည့်သစ်ထုတ်လုပ်ခွင့်ပြုစာတွေ့ရှိဟု တပ်မတော်က ထုတ်ပြန်ထား။
အောင်ခိုင် ၊ မရန် | 7day

မှတ်ချက်များ