ဆွေသဟာဝန်ဆောင်မှု မသုံးလို၍ ပြန်ဖျက်သူများ အင်တာနက်သုံးမရသည့် ပြဿနာကြုံတွေ့နေ

‘‘အဆိုပါပြဿနာကို MPT က ပြန်စိစစ်နေပြီး အလားတူဖြစ်ရပ်ကြုံလျှင် ဖေ့စ်ဘွတ်ခ်နှင့် ၁၀၆ သို့ ဆက်သွယ် အကြောင်းကြားရန် MPT ပြော’’

MPT ၏ ဆွေသဟာဝန်ဆောင်မှုကို အသုံးမပြုလို၍ ပြန်လည်ပယ်ဖျက်သူများ အင်တာနက်အသုံးပြု၍မရ
တော့သည့် ပြဿနာများကြုံတွေ့နေရကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူများက ပြောသည်။

‘‘ဆွေသဟာ မသုံးချင်တော့ လို့ UNSUB SWE လုပ်လိုက်တာ ရှိပြီးသားအင်တာနက်ပါပျောက်သွားတယ်။
နှစ် ရက်တိတိ APN ပြန်ချိန်လိုက်၊ Restart ချလိုက်လုပ်တာ မထူးလို့ တစ်သောင်းအကုန်ခံပြီး ပြန်လျှောက် လိုက်ရတာပဲအဖတ်တင်တယ်’’ဟု MPT ဖုန်းအသုံးပြုသူ ကိုအောင်မြင့်က ဆိုသည်။

မူလက အင်တာနက် လျှောက်မထားသူများအနေဖြင့် ဆွေသဟာဖြင့် အင်တာနက်အသုံးပြုပြီး ပြန်ဖျက် မည်ဆိုပါက အင်တာနက်ရတော့မည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးကသတ်မှတ်ထားသော်လည်း လက်ရှိတွင် အင်တာနက်ရှိပြီးသား အသုံးပြုသူများပါ အသုံးပြု၍မရတော့သည့်ပြဿနာများနှင့် ကြုံတွေ့နေရ
ကြောင်း MPT ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးသည် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့ ၏ စက်ပိုင်းဆိုင်ရာများကို ပြန်လည်စိစစ် လျက်ရှိပြီး မူလက အင်တာနက်ရှိသူများ အသုံးပြု၍ မရတော့ပါက MPT ၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာနှင့် Call Center ဖြစ်သော ၁၀၆ သို့ ဖုန်းဆက်ပြောကြားနိုင်ကြောင်း သတင်းရရှိသည်။

‘‘အဲဒီကိစ္စနဲ့ပတ်သက်ပြီး မိုဘိုင်းအင်ဂျင်နီယာတွေလည်း ပြန်စိစစ်နေပါတယ်။ တကယ်လို့ အင်တာနက်ရှိပြီး သားလူက UNSUB SWE လုပ်လိုက်လို့ အင်တာနက်မရတော့ဘူးဆိုရင် ဖုန်းနံပါတ်နဲ့တိုင်ကြားရင် ပြန်ပြီး စိစစ်ပေးသွားပါမယ်’’ဟု မြန်မာ့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာနအင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

ဆွေသဟာဝန်ဆောင်မှုကို နှစ်ရက်အတွင်း အသုံးပြုသူတစ် သန်းရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကြေညာချက်အရသိရပြီး အင်တာနက်အသုံးပြုခများသည်ဟုဆိုကာ UNSUB SWE လုပ်၍ ပြန် ဖျက်သူများလည်းရှိကြောင်း အသုံးပြုသူများမှ သိရသည်။

နိုင်လင်းအောင် | 7day

မှတ်ချက်များ