မင်္ဂလာဒုံမှာ အုပ်ချုပ်ရေးမှူးကို ရေကိစ္စနဲ့ငွေကိစ္စ တရားစွဲတော့မယ်


မင်္ဂလာဒုံ ၃/ခရပ်ကွက်မှာ အစိုးရကချပေးထားတဲ့ ရေပိုက်လိုက်ကြီးကတစ်ဆင့် ကိုယ်ထူကိုယ် ရေပိုက် သွယ်ရေးကိစ္စမှာ ပြည်သူတွေနဲ့ အုပ်ချုပ်ရေးမှူးကြား ငွေစာရင်းရှင်းတမ်း ပြဿနာတွေဖြစ်နေပါတယ်။ ရပ် ကွက်လူထုက အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ရေကော်မတီ၊ စည်ပင်ရေသန့်တာဝန်ခံ ဦးအောင်ဘညိုကို စာရင်း လိမ်မှုနဲ့ တရားစွဲသွားမယ်လို့ ဇန်နဝါရီ ၁၁ရက်နေ့က ပြောခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖွဲ့စည်းပေးထားတဲ့ ရေကော်မတီက ကောက်ခံရရှိတဲ့ငွေကို ပုတ်ပြတ်စနစ်နဲ့ စည် ပင်ရေတာဝန်ခံကို ပေးထားတာကြောင့် ရှင်းလင်းပေးနေစရာ မလိုပေမယ့် အခုလို ရိုးသားစွာရှင်းပြတာဖြစ် ပြီး စေတနာကြောင့် ဒုက္ခရောက်နေရပါတယ်လို့ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောပါတယ်။

ရေသွယ်တန်းရေး ငွေကောက်ခံစဉ်က ၃လက်မပိုက် တပ်ဆင်ပေးမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာ လုပ်ငန်းစဉ်ရဲ့ ၇၅%ကို ၂လက်မပိုက်ပဲ အသုံးပြုသွားပြီး လမ်းကိုဖျက်ပြီး ရေပိုက်သွယ်ရမယ်လို့ ဆိုပေမယ့် တကယ်ကျတော့ ရေမြောင်းထဲကပဲ သွယ်တန်းခဲ့တယ် လို့ မကျေနပ်ချက်တွေကို စာရင်းရှင်းတမ်းလုပ်ရာမှာ
ပြည်သူတွေက ပြောပါတယ်။

မင်္ဂလာဒုံ စည်ပင်ရေတာဝန်ခံ ဦးအောင်ဘညိုက တစ်ချို့နေရာတွေကို ၃လက်မပိုက် ပြန်ထည့်ပေးရင် ဖြစ်
နိုင်သေးပေမယ့် တစ်ရပ်ကွက်လုံးအတွက် ၃လက်မပိုက်သုံးဖို့ ပိုက်ဆံမလောက်ဘူးလို့ပြောပါတယ်။ အဆင်မပြေဖြစ်ပြီး တိုင်တန်းတာတွေလည်း မဖြစ်ချင်ဘူးလို့ ဆိုပါတယ်။

ရေကော်မတီအနေနဲ့ သတ်မှတ်ချိန်အတွင်း ငွေမသွင်းနိုင်သူတွေကို ပိုက်ဆံပိုကောက်တာတွေလုပ်ခဲ့တဲ့ အပြင် ပိုတဲ့ငွေတွေကိုလည်း အားလုံးသိတာမို့ ပြန်လိုချင်တယ်လို့ ပြောလာသူက ၃/ခရပ်ကွက်နေ မစန္ဒာဦး ပါ။ အုပ်ချုပ်ရေးမှူးကို ထောက်ခံရွေးချယ်ခဲ့ပေမယ့် သမာသမတ်မကျတာမို့ တရားစွဲမယ်လို့ ဆိုပါတယ်။

ရေကော်မတီမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေလည်းပါတယ်လို့ အုပ်ချုပ်ရေးမှူးကပြောပေမယ့် ရေယူမယ့်စာ ရင်း လိုက်ကောက်ပေးတာကလွဲလို့ ကျန်တာကို အုပ်ချုပ်ရေမှူးဖွဲ့ထားတဲ့ ကော်မတီက အဖွဲ့ဝင် ၃ယောက်ပဲ လုပ်သွားတာဖြစ်သလို စာရင်းထဲ ရေမယူထားတဲ့အိမ်တွေ ရေရနေတာတွေ့တယ်လို့ ရာအိမ်မှူး ဦးကျော်သူ က ဆိုပါတယ်။



kamayutmedia


မှတ်ချက်များ