ရန်ကုန်လိပ်စာပြောင်းမည့်နယ်ကားများ ကားပါကင်ထောက်ခံချက်ရှိမှ ဝင်ခွင့်ရမည်


နယ်လိပ်စာမှ ရန်ကုန်လိပ်စာသို့ ပြောင်းလဲဝင်ရောက်မည့်ကားများ ပါကင်ထောက်ခံချက်ရှိမှသာ ဝင်ရောက် ခွင့်ပေးမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

နယ်အမည်ပေါက်ဖြင့် ပြည်ပမှ တင်သွင်းလာပြီး ကညနတွင် ရန်ကုန်လိပ်စာသို့ပြောင်းလဲ၍ ရန်ကုန်သို့ဝင်
ရောက်လာခြင်းကို ကန့်သတ်သည့်အနေဖြင့် လိပ်စာပြောင်းမည်ဆိုပါက ကညန၌ ပါကင်ထောက်ခံချက်ကို စစ်ဆေးသွားမည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ၍ ကား တင်သွင်းရာတွင် ပါကင်ပါဝင်မှသာ တင်သွင်းခွင့်ရရှိမည်ဟု ရန်ကုန်တိုင်းဒေသ ကြီး အစိုးရ အဖွဲ့က ဆိုထားသည်။

တင်သွင်းသူအချို့က ပါကင်ပါမစ်ကို ရှောင်ရှားလိုသဖြင့် နယ်အမည်ဖြင့်သွင်းပြီး ရန်ကုန်သို့လိပ်စာ ပြောင်း ကာ ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် ကညနက ကားပါကင်ထောက်ခံချက်ကို တောင်းခံ လိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါအမည်ပြောင်းကားများတွင် ရန်ကုန်သို့ လာရောက်ပြီး အရည်ကျိုမည့် ယာဉ်အိုယာဉ်
ဟောင်းများမပါဝင်ဟု ဆိုသည်။

‘‘ပါကင်ပါမစ်ရှောင်ချင်ရင် နယ်ကသွင်းကြတယ်။ ပြီးတော့ ရန်ကုန်လိပ်စာပြောင်းမယ်။ ဒါ တွေကို အစိုးရက ကြိုသိလို့ ကား ပါကင်ထောက်ခံချက်ကို ကညန,က ထပ်တိုးတောင်းလိုက်တဲ့ သဘောပဲဖြစ်မှာပါ’’ဟု တစ်နိုင်တစ်ပိုင်ကားတင်သွင်းသူ ကိုမြတ်မင်းချစ်က ပြောသည်။


၂၀၁၅ တွင် ပြောင်းလဲလာနိုင်သည့် မူဝါဒအသစ်များကြောင့် ကားဈေး အနည်းငယ်တက်လာနိုင်သည်ဟု လည်း အရောင်းအဝယ်ပြုလုပ်သူများက ခန့်မှန်းထားကြသည်။

မိုးညို | 7day


မှတ်ချက်များ