မျိုးစောင့်ဥပဒေမူကြမ်းများ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းများနှင့် ကိုက်ညီသည်ဟု ပြည်ထောင်စု ရှေ့နေချုပ်ဆို
လွှတ်တော်တွင် မကြာမှီ ဆွေးနွေးမည့် မျိုးစောင့် ဥပဒေကြမ်းနှစ်ခုသည် အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်း များနှင့် ကိုက်ညီမှုရှိသည် ဟု ပြည်ထောင်စုရှေ့ချုပ်မှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စရန်ဟီလီအား ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်
ပြသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူမစ္စရန်ဟီ လီက ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က လာရောက်တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အဓိက စာချုပ်များတွင် မြန်မာနိုင်ငံက ပါဝင်ရေးနှင့် လွှတ်တော်တွင် ရေးဆွဲနေ သည့် မျိုးစောင့်ဥပဒေများနှင့် ပတ်သက်ကာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာထွန်းရှင်က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် လွတ်လပ်စွာ ကိုးကွယ် မှုကို အားပေးကြောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း မှာလည်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အလေးထား သည်ဟု ပြောဆိုခဲ့
ကြောင်း ၎င်းသတင်းစာတွင် ဖော်ပြသည်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဘာသာ ကူးပြောင်း လိုသူများသည် သက် ဆိုင်ရာ မြို့နယ်အလိုက် သာသနာရေးမှူး ၊ လ၀က ဦးစီးမှူး ၊ အုပ်ချုပ်ရေးမှူး စသည့်ပုဂ္ဂိုလ်များ ပါဝင်သည့် မှတ်ပုံတင်ရေး အဖွဲ့ထံ မိမိအနေဖြင့် ဘာသာကူးပြောင်းလိုကြောင်း အချက်လက်များဖြင့် တင်ပြရမည်ဖြစ်
ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။
ယင်းအပြင် ဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုသို့ ကူးပြောင်းလိုသူများသည် တစ်စုံတယောက်မှ သွေး
ဆောင်ဖြားယောင်းခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ အနိုင်ထက်ပြုကျင့်သူများ မဖြစ်ရပဲ အဆိုပါအချက်များအား ကျူး လွန်ပါ က ထောင်ဒဏ် ခြောက်လမှ နှစ်နှစ်အထိ ၊ ဒဏ်ငွေကျပ် တသိန်းမှ နှစ်သိန်းအထိ အသီးသီးကျခံစေ ရမည်ဟု ဖော်ပြထားသည်။
ယခုအချိန်တွင် မျိုးစောင့်ဥပဒေများနှင့် ပတ်သက်ပြီး လူ့အခွင့်ရေး လှုပ်ရှားသူများ က ဝေဖန်ကန့်ကွက်နေသ လို ယင်းဥပဒေများအား ထောက်ခံသည့် အင်အားစုအချို့မှာလည်း မြန်မာ့လူမှုအဖွဲ့အစည်းတွင် အခိုင်အမာ ရှိနေသည်။မျိုးစောင့်ဥပဒေမူကြမ်းများမှာကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းအပါအဝင် အမျိုးသမီး အခွင့်ရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာ စံချိန်စံနှုန်းများအရ သာမက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း ကိုက်ညီမှု မရှိဟု မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ တာဝန်ခံ ဒေါ်ခင်ဥမ္မာက သုံးသပ်သည်။
“အဓိကက လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဆိုတဲ့ဟာ။ လူတစ်ယောက်ရဲ့ ယုံကြည်မှု ကိုးကွယ်မှုဆိုတာက ဘယ်ဥပဒေနဲ့မှ ထိန်းချုပ်လို့ရတဲ့ဟာ မဟုတ်ဘူး။ ဘယ်ဘာသာကိုမှ မကိုးကွယ်ချင်တဲ့လူရှိရင်လည်း အဲ့ဒါ သူ့ရဲ့ လွတ်လပ်ခွင့်ပဲ” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။
ယင်းမျိုးစောင့် ဥပဒေများအပေါ် အီးယူ ဥရောပ သမဂ္ဂမှလည်း စိုးရိမ်မကင်းဖြစ် မိကြောင်း အီးယူ တာဝန် ရှိသူက ပြိးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်ဟု ဗွီအိုအေ အမေရိကန်အသံ သတင်းဌာနတွင် ဖော်ပြ ချက်အရသိရသည်။
လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာမှ စောင့်ကြည်သူများက မျိုးစောင့် ဥပဒေများ အပေါ် ဝေဖန် ကန့်ကွက် နေကြသော်လည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က အမျိုးဘာသာ တည်တံ့ရေး နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့အတွက် ဥပဒေပြဌာန်းရခြင်းဟု ဆိုသည်။
“ဥပဒေကြမ်း အဆင့်မှာပဲ ရှိသေးတယ်။ အဲ့ဒီ ဥပဒေကြမ်းကို လွှတ်တော်က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှ ဥပဒေဖြစ်လာမှာ။ ခုချိန်ကတည်းက သူများပြည်တွင်းရေးကို ဝင်စွက်တာ၊ တားမြစ်တာ၊ ကန့်သတ်တာ၊
ဝေဖန်တာ လုပ်ဖို့က အချိန်စောပါသေးတယ်” ဟု ၎င်းက ဆိုသည်။
မျိုးစောင့်ဥပဒေမူကြမ်းလေးရပ်တွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြား
ခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံး ခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိ
ခြင်းဆိုင်ရာ ဥပဒေများ ပါဝင်သည်။ ယင်းဥပဒေများ ပြဌာန်းရန် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်
ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသ က နိုင်ငံတော်သမ္မတထံ ပြည်သူအချို့၏ထောက်ခံ ချက်လက်မှတ်များနှင့်အတူ စာရေးသား တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လင်းမြတ် | Yangon Media Group

မှတ်ချက်များ