တရုတ်ထုတ် ကလေးအစားအစာအချို့ စားသုံးရန်မသင့်ဟု ကြေညာ

စားသုံးရန်မသင့်ဟု ကြေညာထားသည့် ကလေးအစားအစာ (ဓာတ်ပုံ – ကြေးမုံ)
တရုတ်နိုင်ငံထုတ် ကလေး အစားအသောက် ဆီးသီးထုတ်ယိုစုံ ၂ မျိုးနဲ့ အချိုရည် ၂ မျိုးတို့မှာ တားမြစ် ဆိုးဆေးတွေ သုံးထားတာ တွေ့ရလို့ စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေး ၀န်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ဆီးသီးထုတ် အမှတ်တံဆိပ် Miko-ko နဲ့ တွင်ကျယ်၊ အားဖျန်း အချိုရည် ၂ မျိုးတို့ဟာ စားသုံးဖို့ မသင့်ဘူးလို့ ဒီနေ့ထုတ်သတင်းစာတွေမှာ ဓာတ်ပုံတွေနဲ့ဖော်ပြ သတိပေးခဲ့တာပါ။

တားမြစ်ဆိုးဆေး သုံးထားတဲ့ အစားအသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့် ဈေးတန်းတွေမှာ စစ်ဆေး
တွေ့ရှိရတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဒီလို စားသုံးရန်မသင့်တဲ့ အစားအသောက်တွေ ကြေညာပေးခဲ့တာ အမျိုးပေါင်း ၂၀ ကျော်
လောက် ရှိပြီး တရုတ်မုန့်တွေလို့ ပြောရခက်ကြောင်း ပြောပါတယ်။

“အခု လောလောဆယ် ကျနော်တို့တွေ့ထားတာ ၂ ခုလောက်ရှိတယ်။ အထူးသဖြင့်တော့ စပ်ချောင်းလို မုန့်အုပ်စုတွေမှာ တရုတ်စာတွေနဲ့ ရေးထားတယ်၊ သို့သော်လည်း ပြည်တွင်းမှာထုတ်တာ ဖြစ်နေတယ်။ တံဆိပ်ပေါ်မှာ တရုတ်စာနဲ့ ရေးထားတိုင်း တရုတ်နိုင်ငံက သွင်းတယ်လို့ တိုက်ရိုက်ယူလို့ မရပြန်ဘူး။ အတိအကျပြောဖို့ခက်တယ်။ ဥပမာပြောရရင် အရပ်အခေါ် တရုတ်အစပ်ချောင်းလို့ ခေါ်နေတဲ့ဟာကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် တနေရာမှာ ထုတ်နေတာ တွေ့ခဲ့ဖူးတယ်။”

ကျန်းမာရေးဌာနက စားသုံးရန်မသင့်တဲ့ အစားအသောက်တွေကို စစ်ဆေးတွေ့ရှိတာနဲ့တပြိုင်တည်း သက် ဆိုင်ရာဈေးဌာနနဲ့ ပညာရေးဌာနတို့ကို ချက်ချင်းအကြောင်းကြားပြီး ဒီ အစားအသောက်တွေ ဖယ်ရှားစေ တယ်လို့ ပြောပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူ
ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုဖော်ပြထားပေမယ့် ဒီနေ့ထိ ဘယ်စားသောက်ကုန်ထုတ်လုပ်သူလုပ်ငန်းရှင် တဦးတယောက်ကိုမှ ဖမ်း ဆီးအရေးယူတာ မတွေ့ရသေးပါဘူး။

ရန်ကုန်မြို့က ကျောင်းသားမိဘတဦးကတော့ သက်ဆိုင်ရာက နယ်စပ်က၀င်လာတဲ့ မုန့်ပဲသရေစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ မရှိ သေချာစစ်ဆေးဖို့လိုတယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ ဆိုးဆေးသုံး စားသောက်ကုန်ထုတ်နေသူတွေကို ဖော်ထုတ်အရေးယူဖို့အပိုင်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှာ အဓိက တာဝန်ရှိပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း လိုအပ် တယ်လို့ ကျောင်းသားမိဘတဦးက သုံးသပ် ပြောကြားပါတယ်။

ရွှေအောင် | DVB

မှတ်ချက်များ