အာဖရိက အီဘိုလာကူးစက်ဒေသရှိ ဂျိုက်ကာအဖွဲ့ ၀န်ထမ်းများကို ပြန်ခေါ်

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ဂျိုက်ကာ) ဟာ အာဖရိကအနောက်ပိုင်းက အီဘိုလာရောဂါ ကူးစက်နေတဲ့ဒေသမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်း ၂၄ ယောက်ကို ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့ က ပြန်ခေါ်ခဲ့ပါတယ်။

ဂျိုက်ကာရဲ့ မီဒီယာဌာနခွဲအကြံပေး ယိုရှိခဇု ဝဒ (Yoshikazu Wada) က ဘေးကင်းရေး စိုးရိမ်မှုတွေ
ကြောင့် နိုင်ငံခြားက ဝန်ထမ်းတွေကို ယာယီနေရာရွှေ့မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ပညာရေး၊ ရေသန့်စင်ရေးနဲ့ စိုက်ပျိုးရေးနယ်ပယ်တွေမှာ အထောက်အကူ ပေးဖို့ အာဖရိကကို ရောက်နေတဲ့ ၀န်ထမ်းတွေကို ပြန်ခေါ်ခဲ့တာပါ။

ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယွန်နိုင်ငံတွေက ၀န်ထမ်းတွေကို နေရာရွှေ့ပြီးပြီဖြစ်ကြောင်း၊ ၀န်ထမ်း ၃ ဦးကတော့ ဂါနာနိုင်ငံမှာ အခြေအနေကို စောင့်ကြည့်ဖို့ သွားရောက်ခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ 
ဂျပန်နိုင်ငံကို ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာ အဆိုးဝါးဆုံး ကူးစက် ပျံ့နှံ့ခဲ့လို့ ကူးစက်ခံ ၁၈၄၈ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၁၀၁၃ ယောက် ရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီအပတ်အစောပိုင်းက ပြောခဲ့ပါတယ်။

လိုင်ဘးရီးယားနိုင်ငံမှာတော့ သေဆုံးမှုအများဆုံး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ၂၀၁၂ မတိုင်မီထိ ဂျပန်ဟာ ဆီရီယာ လီယွန်နိုင်ငံကို အမေရိကန်
ဒေါ်လာ သန်း ၂၈၀၊ လိုင်ဘေးရီးယားနိုင်ငံကို အမေရိကန်ဒေါ်လာ ၃၅၂ သန်းနဲ့ ဂီနီနိုင်ငံကို အမေရိကန်ဒေါ်လာ ၅၄၈ သန်း အကူအညီ ပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

DVB

မှတ်ချက်များ