လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း အရင်ကထက် ထောက်ခံမှု ပိုပိုများလာ



လွန်ခဲ့သော နှစ် ၂၀ အတွင်း အမေရိကနိုင်ငံရဲ့ ထက်ဝက်ကျော်မှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း တရားဝင်ဖြစ်ခဲ့ပြီး လိင်တူချင်း အိမ်ထောင်ပြုခြင်း ထောက်ခံမှု မြင့်တက်နေကြောင်း ABC သတင်း နဲ့ Washington Post စစ်တမ်းအရ သိရပါတယ်။

အမေရိကန်ပြည်သူ ၆၁% ဟာ ဥပဒေနဲ့ လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းကို ခွင့်ပြုသင့်တယ်လို့ ဆိုကြပါတယ်။ ၁၀ ယောက်မှာ ၆ ယောက် သဘောတူတာ သမိုင်းမှာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုခုက တရားဝင် မပြုရင်တောင် တခြားပြည်နယ်တွေမှာ တရားဝင် လက်ထပ်ခွင့်ရှိသင့်တယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်က သဘောတူ ထောက်ခံကြတယ်။ ယောင်္ကျားလျာဖစ်တာ မိမိရွေးချယ်မှုကြောင့် မဟုတ်ဘူး။ သူတို့လည်း တခြားသာမန်လူတွေလို မိဘကောင်းတွေ ဖြစ်နိုင်တယ်။ လိင်တူချစ်သူတွေကို ဒီလိုလက်ထပ်ခွင့် မငြင်းပယ်သင့်ဘူးလို့ အများက ပြောဆိုလာကြပါတယ်။

တခြားကိစ္စများထက် လိင်တူချင်းလက်ထပ်ခြင်းအပေါ်အမြင်သဘောထားတွေက နှစ် ၃၀ အတွင်း လျင်မြန်စွာပြောင်းလဲခဲ့ကြောင်း Langer Research Associates မှ ပြုလုပ်တဲ့ စစ်တမ်းမှ မှတ်ချက်ပြုထားပါတယ်။ ဒါဟာ လိင်တူချစ်သူတွေနဲ့ လူတွေ ထိတွေ့မှုပိုများလာတာကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်တမ်းကောက်ချက်အရ လူသုံးယောက်မှာ တစ်ယောက်ဟာ လိင်တူချစ်သူနဲ့ သူငယ်ချင်း၊ အသိမိတ်ဆွေတွေ ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

Victor - Trend Myanmar

မှတ်ချက်များ