ကိုးကန့်ဒေသတိုက်ပွဲ အစိုးရ တပ်မတော် ထိခိုက်ကျဆုံးမှု များပြား


အစိုးရတပ်မတော်နဲ့ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ကြား ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရ တပ်မတော်ဘက်က သေဆုံးသူ အလောင်း ၉ဝ ကျော်လောက်ကို သင်္ဂြိုလ် ပေးခဲ့ ရကြောင်းနဲ့ ဒဏ်ရာရသူ ၂ဝဝ လောက်ရှိမယ်လို့ ခန့်မှန်းကြောင်း ကိုးကန့်တပ်မတော်ဘက်က ပြော ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အစိုးရဖက်က ထိခိုကျဆုံးမှုများခဲ့တယ်လို့ ကိုးကန့် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြော ပါတယ်။

"သူတို့ကို အလောင်းတွေမြုပ်ပေးနေရတယ်၊ သူတို့က ယူလည်းယူမသွားဘူး သယ်မသွားဘူး အဲ့ဒီတော့ ကျနော်တို့က အားလုံးဝိုင်းဝန်းပြီးတော့ သူတို့ကိုမြုပ်ပေးနေရတယ်၊ အနည်းဆုံးမရှိဘူး ဆိုလို့ရှိရင် ၈ဝ လောက်ရှိမယ် အလောင်းက၊ ကျနော်တို့နဲ့ ဝေးတဲ့နေရာလည်းရှိတယ် ၊ တောတောင်တွေထဲမှာမြုပ်ပြီးတော့ အဲ့ဒီမှာ အမှတ်အသားလည်း လုပ်ထားပေးလိုက်တာပေါ့၊ လောက်ကိုင်အရှေ့မြောက်ဘက်မှာပေါ့"

ဧပြီလ ၂၃ ရက်နေ့ တိုက်ပွဲမှာ ကိုးကန့်တပ်ဖွဲ့ဘက်က ၂ ဦးကျဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းအထိတော့ တိုက်ပွဲထပ်မံဖြစ်ပွားတာ မရှိဘူးလို့သိရပါတယ်။

အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ဟာ ကိုးကန့်ဒေသအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်လို့ အစိုးရဘက်က သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။

RFA Burmese

မှတ်ချက်များ