ယီမင်တွင် ဆော်ဒီလေကြောင်းထိုးစစ် ပြင်းထန်၊ ဒုက္ခသည် ၁ သိန်းခွဲခန့် အိုးအိမ်စွန့်ခွာ








ဓာတ်ပုံ – ရိုက်တာ
ယီမင်မှာ ဆော်ဒီ ခေါင်းဆောင်တဲ့ လေကြောင်းထိုးစစ်တွေ ပြင်းထန်နေပြီး ပြည်သူ ၁ သိန်းခွဲလောက်ဟာ စစ်ပြေးဒုက္ခသည်အဖြစ် အိုးအိမ်စွန့်ခွာ နေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်စာနာမှုရေးရာ ရုံးရဲ့ ခန့်မှန်းချက်အရ ရှီယိုက် ဟူသီ လက်နက်ကိုင်တပ်တွေကို ဆောဒီ ခေါင်းဆောင်တဲ့ လေကြောင်းထိုးစစ်တွေ စတင်ခဲ့တဲ့ မတ်လနှောင်းပိုင်းကစလို့ လူပေါင်း ၁ သိန်းခွဲဟာ အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

မြို့တော် ဆာနာရဲ့ အစိတ်အပိုင်း အတော်များများလည်း လေကြောင်းတိုက်ခိုက်မှု ဒဏ်ကြောင့် အပျက်အစီးတွေဖြစ်နေပြီး လမ်းတွေမှာ လူသူကင်းမဲ့ပြီး ဆိုင်တွေလည်း ပိတ်ထားရပါတယ်။

အရပ်သား သေဆုံးမှုဟာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပိုများလာခဲ့ပြီး ရာနဲ့ချီ ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မတ်လ ၁၉ ရက်နေ့ကနေ ဧပြီ ၁၃ ရက်နေ့အထိ လူပေါင်း ၇၆၇ ယောက်
 သေဆုံးပြီးပြီလို့ ဆိုပါတယ်။

ဆာနားမြို့ခံတဦးက ဗုံးဒဏ်အောက်က မြို့ရဲ့ အခြေအနေဟာ ဆိုးပြီးရင်း ပိုဆိုးလာနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်ကစလို့ နိုင်ငံအတော်များများကလည်း ယီမင်မှာ ရောက်နေတဲ့ သူတို့ နိုင်ငံသားတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။

ဆောဒီက ခေါင်းဆောင်တဲ့ လေကြောင်းထိုးစစ်က ဟူသီ သူပုန်တွေကို တားဆီဖို့ ရည်ရွယ်ပေမယ့်
 မအောင်မြင်သေးပါဘူး။

သူပုန်တွေဟာ နိုင်ငံအစိတ်အပိုင်း အတော်များများကို သိမ်းထားပြီး သမ္မတ ဟာဒီကလည်း ဆောဒီ အာရေးဗီယားမှာ ထွက်ပြေး ခိုလှုံနေရပါတယ်။

ဒီရက်ပိုင်းအတွင်း လေကြောင်း ထိုးစစ်ဟာ ဆာနာမြို့နဲ့ အာဒန်မြို့က ဟူသီလက်နက်ကိုင်တပ်တွေရဲ့ 
စခန်းတွေကို ပစ်မှတ်ထားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဆေးရုံ ၅ ရုံ၊ စာသင်ကျောင်း ၁၅ ကျောင်း၊ အကြီးဆုံး လေကြောင်း ၃ ကြောင်း၊ တံတားနှစ်စင်း၊ စက်ရုံ ၂ ရုံ၊ ဗလီ ၄ လုံး၊ ဈေးတွေ၊ ဓာတ်အားပေး စက်ရုံတွေ၊ ရေပေးစနစ်တွေ ပျက်စီးသွား 
တယ်လို့ ကုသမဂ္ဂက ဆိုပါတယ်။

နောက်ထပ် သုံးလစာ လူသားချင်း စာနာမှု အကူအညီအတွက် အမေရိကန် ဒေါ်လာ ၂၇၄ သန်းကို ကုလသမဂ္ဂက တောင်းခံထားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းကလည်း တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ ဧပြီ ၁၆ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

DVB

မှတ်ချက်များ