![]() |
| ပြင်သစ်ရဲများ (Credit: AFP) |
လျှပ်စစ်ဆိုင်ရာ ဘာသာရပ်ကို သင်ယူနေတဲ့ အသက် ၂၄ နှစ်အရွယ် အယ်လ်ဂျီးရီးယား နိုင်ငံသား Sid Ahmed Ghlam ကို အကြမ်းဖက်ဖို့ ကြိုးစားခဲ့သူလို့ ရဲတွေက ယူဆနေကြသလို အသက် ၃၂ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့တယ်လို့လည်း ရဲတွေက သံသယ ဖြစ်နေပါတယ်။
Sid Ahmed Ghlam က သူ့အိမ်ကို သူခိုးဝင်လာပြီး သူ့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အကူအညီပေးဖို့ အရေးပေါ် လူနာတင်ယာဉ်ကို ခေါ်ယူခဲ့ပါတယ်။
သူခိုးဝင်တယ် ဆိုတဲ့ ကိစ္စကြောင့် ရဲတွေလည်း လိုက်လာပြီး သူ့ရဲ့ သွေးကို ခြေရာခံခဲ့ရာက သူ့ရဲ့ ကားဆီ ရောက်သွားခဲ့ပါတယ်။
သူ့ရဲ့ ကားထဲမှာ စစ်လက်နက်တွေ၊ ကျဉ်ဆံကာ အကျီတွေ တွေ့ခဲ့ရသလို သူ့အိမ်အတွင်းမှာလည်း လက်နက်တွေအပြင် Al Qaeda အဖွဲ့နဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွအကြောင်း ရေးထားတဲ့ စာရွက် စာတမ်းပါ တွေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စာရွယ် စာတမ်းတွေနဲ့ သက်သေခံ ပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် သူဟာ အကြမ်းဖက်မှုကို လုပ်ဖို့ ထင်ရှားနေတယ်လို့ ပြင်သစ်ရဲက ပြောပါတယ်။
ဘုရားကျောင်း တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
အဲဒီလူဟာ ဆီးရီးယား နိုင်ငံကို သွားနိုင်တယ်လို့ ယူဆတဲ့အတွက် ရဲတွေက သူ့ကို ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်မှာ နှစ်ကြိမ် စစ်ဆေးခဲ့ပေမယ့် ဘာအထောက်အထားမှ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
ဒီတချီမှာတော့ စစ်လက်နက်တွေ တွေ့ခဲ့ရသလို သူ့ရဲ့ ဖုန်းမှာလည်း ဆီးရီးယား နိုင်ငံက လူတစ်ယောက်နဲ့ အဆက်အသွယ် ရှိတယ် ဆိုတာကို တွေ့ခဲ့ရပြီး အဲဒီမှာ ဘုရားကျောင်းတွေကို ဘယ်လို ပစ်မှတ်ထား တိုက်ခိုက်မလဲ ဆိုတဲ့အကြောင်းတွေ ရေးသားထားတယ်လို့ ဆိုပါတယ်။
သူနဲ့ နီးစပ်သူ တချို့ကိုလည်း ရဲတွေက ထိန်းသိမ်းလိုက်သလို သူ့ရဲ့ အသက် ၂၅ နှစ်အရွယ် ရည်းစားကိုလည်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။
ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ သုံးလ တုန်းကပဲ IS အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။
ပြင်သစ်အစိုးရကလည်း နိုင်ငံတွင်းမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ တပ်လှန့်မှုကို အမြင့်ဆုံး သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံသား ရာနဲ့ချီဟာလည်း ဆီးရီးယားနဲ့ အီရတ်ကို သွားပြီး အကြမ်းဖက် အဖွဲ့နဲ့ ပူးပေါင်းတာတွေ ရှိနေပါတယ်။
အဲဒီလူတွေ ပြင်သစ်နိုင်ငံကို ပြန်လာပြီး အကြမ်းဖက်မှု လုပ်မှာကိုလည်း ရဲတွေက စိုးရိမ်နေကြပါတယ်။
အခုဖမ်းဆီးခံရသူရဲ့ သေနတ်ကို စစ်ဆေးကြည့်ရာမှာ အသက် ၃၂ နှစ် အမျိုးသမီး သေဆုံးခဲ့တာနဲ့ ဆက်စပ်နေတဲ့အတွက် သူ့ကိုလည်း လူသတ်မှုနဲ့ တရားစွဲဆိုဖို့ ရှိနေပါတယ်။
ABC Radio Australia

မှတ်ချက်များ