အင်းလေးကန်ရေခန်းခြောက်မှု စိုးရိမ်စရာအခြေအနေ ရောက်နေ



ဧပြီလဆန်းမှစ၍ ခန်းခြောက်လာသော အင်းလေး ကန်အခြေအနေမှာ စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေပြီ ဟု အင်းလေးကန်ဒေသခံများနှင့် အင်းလေးကန် ထိန်းသိမ်းစောင့် ကြည့်လေ့လာသူများက ပြော သည်။

ဧပြီ ၁၂ ရက်မှစ၍ အင်းလေးကန်အတွင်း ဖောင်တော်ဦး ကျောင်းဆောင်အနီး၊ ဟဲယာရွာ မနှင့် အချို့ကျေးရွာများတွင် ရေ မျက်နှာပြင် နှစ်လက်မခန့်သာရှိ နေပြီး လှေများ၊ စက်လှေများသွားလာရန်ခက်ခဲနေသည်ဟု ဟဲယာရွာမမှ ဒေသခံဒေါ်ခင်စိုးက ပြောသည်။

‘‘ဈေးရောင်းဖို့ လှေလှော်သွား ရင်တောင် မလွယ်တော့ဘူး။ ရွာ နီးချုပ်စပ်သွားဖို့တောင် ခက်ခဲ လာနေပြီ’’ဟု ဒေါ်ခင်စိုးက ပြော သည်။

ယခုနှစ်မတ်လဆန်းမှစ၍ အင်းလေးကန်အတွင်းသို့ ရေဝေ ရေလဲဒေသများမှ ရေ၀င်ရောက် မှုနည်းပါးလာပြီး ကန်ရေမျက်နှာ ပြင်တွင်လည်း ရေနည်းပါးလာ ကြောင်း အင်းလေးကန် ထိန်း သိမ်းရေးနှင့် လေ့လာစောင့်ကြည့်ရေးလုပ်ငန်းများကို နှစ်ပေါင်း ၄၀ ကျော် ဆောင်ရွက်နေသည့် ဦးသာဒိုးက ပြောသည်။

‘‘နှစ်စဉ်မိုးရာသီမှာ အများ ဆုံးရှိရမယ့် ရေမှတ်တစ်ခုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် လောက်မှာရှိခဲ့တဲ့ မိုးရေချိန်မှတ် ကို ပြန်မတက်လာဘူး။ တက်လာ ရင်လည်း ခဏပဲ’’ဟု ၄င်းက ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က အင်းလေးကန်အတွင်းသို့ဝင်လာသည့် ရေမျက်နှာပြင် အမြင့် ၁၄ ပေရှိလျှင် ယင်းသည် ပကတိ ရေပမာဏဖြစ်ပြီး ယနေ့အင်းလေးကန် အခြေအနေမှာ အောက်ခြေတွင်နုန်းမျက်နှာပြင်များ ပါဝင်နေသည်ဟုဆိုသည်။

အင်းလေးရေမျက်နှာပြင် သည် ယခုအခါ အကျဉ်းဆုံး ဧရိ ယာအထိ ရောက်ရှိနေပြီး ရေဧရိ ယာအကျယ်ဆယ်မိုင်ဝန်းကျင် သာ ကျန်ရှိနေပြီး မိုးတွင်းကာလ တွင် ၁၄ မိုင်ဝန်းကျင်သာ ရှိ ကြောင်း ဦးသာဒိုးက ပြောသည်။

အင်းလေးကန်အတွင်းသို့ နုန်းများဝင်ရောက်မှုနှင့်ပတ်သက် ၍ ဆည်မြောင်းဦးစီးဌာနအနေဖြင့် စက်ယန္တရားများဖြင့် နေ့စဉ် တူး ထုတ်မှုများပြုလုပ်ပေးနေသော် လည်း စွန့်ပစ်မြေစာများပစ်ရန် အခက်အခဲများ ကြုံတွေ့နေရ ကြောင်း ညောင်ရွှေမြို့ ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက ပြောသည်။ ‘‘သောင်တူးစက်တွေ၊ မြေ ကော်စက်တွေနဲ့ နေ့စဉ်ကျွန်တော် တို့ လုပ်ဆောင်ပေးနေပါတယ်။ လုပ်အားနှုန်းကောင်းတဲ့ စက်မျိုး တွေရလာရင်တော့ ပိုကောင်းလာ မယ်’’ဟု ၎င်းကပြောသည်။

အင်းလေးကန်၏ အနောက် ဘက်ခြမ်းရှိ အင်းတိန်ချောင်းနံရံ မှာ ပြိုကျပျက်စီးနေပြီး ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

‘‘အင်းလေးကန် ခန်းခြောက် လာတာ တခြားအကြောင်းအ ချက်တွေလည်း အများကြီးပါ။ ကန်ထဲကို အမှိုက်တွေ၊ ပိုးသတ် ဆေးဘူးခွံတွေ၊ ပလတ်စတစ်တွေ စွန့်ပစ်နေကြပါတယ်။ အမှိုက် တစ်ခုရှင်းသွားတာနဲ့ အင်းလေး ကန်အတွက် အများကြီး အ ထောက်အကူပြုနိုင်ပါတယ်’’ဟု ဟဲယာရွာမမှ ဒေသခံကိုအယ်မြင့် ဦးက ထောက်ပြသည်။

အင်းလေးကန်သည် မြန်မာ နိုင်ငံတွင် ဒုတိယအကြီးဆုံးရေ ကန်ဖြစ်ပြီး ဆောင်းခိုငှက်တို့ နားခိုရာနေရာဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် များ အထူးစိတ်ဝင်စားသည့် ဒေ သလည်းဖြစ်သည်။

7day

မှတ်ချက်များ