ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာသော ယာဉ်မောင်းများကို ဆုချမည်
နယူးဇီလန် ယာဉ်ထိန်း ရဲတပ်ဖွဲ့သည် ယာဉ်စည်းကမ်း မလိုက်နာသူများကို အရေးယူသည့် နည်းတူ၊ လိုက်နာ သူများကိုလည်း ဆုချမည့် စနစ်ကျင့်သုံးပြီး ယာဉ်စည်းကမ်း လိုက်နာမှု အားကောင်းသထက် ကောင်းလာအောင် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် ယာဉ်စည်းကမ်း ချိုးဖောက်သူများကို ကင်မရာများဖြင့် စောင့်ကြည့် မှတ်တမ်းတင် ထားသလို၊ လိုက်နာသူများကိုလည်း မှတ်တမ်း တင်ထားပြီး လိုက်နာသူများထဲက ကံထူးရှင်များကို နယူးဇီလန် ဒေါ်လာ (၁၅၀) (အမေရိကန် ဒေါ်လာ ၁၀၀) ဖိုး ဈေးဝယ် ဘောင်ချာများ အပတ်စဉ် မဲဖောက်ပေးရန် စီစဉ်နေသည်။
ဈေးဝယ် ဘောင်ချာများ အတွက် ရန်ပုံငွေကို စေတနာရှင် ပြည်သူများက စုပေါင်း ထည့်ဝင်ကြမည်ဟု သိရသည်။ ယာဉ်ထိန်းရဲများသည်လည်း သိသာ ထင်ရှားသော ရဲကားများဖြင့် စောင့်ကြည့် ကင်းလှည့်ခြင်း အစား ပုံမှန်ကားများဖြင့်သာ ရုပ်ဖျက်ပြီး စောင့်ကြည့်သွားမည် ဖြစ်သည်။
ကနေဒါနိုင်ငံ ပရင့်စ် အဲဘတ် မြို့တွင်လည်း အလားတူ စနစ်မျိုးကို ပြီးခဲ့သော နိုဝင်ဘာကတည်းက စတင်ကျင့်သုံးခဲ့သည်။ စည်းကမ်းတကျ ယာဉ်မောင်းသော လူငယ်များကို “ဂုဏ်ပြု ဘောင်ချာ” လေးများ ထုတ်ပေးသည်။ ထိုဘောင်ချာလေးများဖြင့် စတိုးဆိုင်များတွင် လက်ဆောင်ပစ္စည်းများ ထုတ်ယူနိုင်သည်။
လူငယ်များ ယာဉ်စည်းကမ်း လိုက်နာလာအောင် အားပေး ဆွဲဆောင်ရာ ရောက်သလို၊ လူငယ်များနှင့် ရဲတပ်ဖွဲ့ကြား ဆက်ဆံရေး နွေးထွေးအောင် လမ်းဖောက်ပေးရာလည်း ရောက်သော အစီအစဉ်ဖြစ်သည်။
messenger

မှတ်ချက်များ