ဘရွန်ဒီ အာဏာသိမ်းဗိုလ်ချုပ်ကြီးကို ဖမ်းမိပြီ

ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီ
ဘရွန်ဒီနိုင်ငံတွင်း အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီကို ဖမ်းမိပြီလို့ သမ္မတ ပြောခွင့်ရက မေ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သူနဲ့ အာဏာသိမ်းမှု နောက်ကွယ်က တခြားလူတွေကို သူတို့လုပ်ရပ်တွေအတွက် ဖြေရှင်းဖို့ တရားစွဲသွားမယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီက ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ ကြားဖြတ်အစိုးရ ဖွဲ့ကြောင်း ကြေညာခဲ့ချိန်က မြို့တော် ဘူဂျမ်ဘူရာမှာ ကောင်းချီးပေးနေတဲ့ လူအုပ်ကြီးတွေနဲ့ ပြည့်နေခဲ့တာပါ။

အာဏာသိမ်းချိန်က အာဖရိက ထိပ်သီးညီလာခံ တက်ရောက် ဆွေးနွေးနေတဲ့ သမ္မတကတော့ ဖေဖော်ဝါရီလက ထောက်လှမ်းရေး အကြီးအကဲရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးရဲ့ အာဏာသိမ်းမှုကို မအောင်မြင်ဘူးလို့ ဖေ့စ်ဘွတ် လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။

စစ်တပ်ပြိုကွဲမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ သူ့ရဲ့ တတိယမြောက် သမ္မတ သက်တမ်းကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရင်ဆိုင်ဖို့ မေ ၁၄ ရက်နေ့မှာ ဘရွန်ဒီကို ပြန်ခဲ့ပါတယ်။

၂၀၀၅ ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက်ပိုင်း ဘရွန်ဒီနိုင်ငံတွင်း မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတာပါ။

DVB

မှတ်ချက်များ