အမှိုက်တွေကို ဖယ်နိုင်မှ အမှိုက်တွေ ရှင်းသွားလိမ့်မယ်


'အမှိုက်' ဆိုတဲ့စကားလုံးကို အရင်ဆုံးအဓိပ္ပာယ် ဖွင့်ဆိုကြည့်ရင် 'အသုံးမတည့်သောအရာ' လို့ပြောလို့ရမယ်ထင်ပါတယ်။ ဘယ်သူ့အတွက် အသုံး မတည့်တာလဲဆိုတော့ 'လူတွေ'အတွက် အသုံးမတည့် သောအရာပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူက သာ အဓိပ္ပာယ်ဖွင့်ဆိုနေလို့ပဲဖြစ်ပါတယ်။

အမှိုက်ကို နောက်တစ်မျိုး ပြောကြည့်ရရင်တော့ 'လူတို့အတွက် အသုံးမလိုတော့၍ စွန့်ပစ်လိုက်သောအရာ ဝတ္ထုများ'လို့ ခေါ်ဆိုနိုင်ပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေ ဆိုတဲ့အထဲမှာတော့ အစိုင်အခဲတွေရော၊ အရည်တွေပါ ပါဝင်ပါတယ်။

နောက်ထပ်တစ်ခါ အမှိုက်ဆိုတာ ဘာလဲလို့ စဉ်း စား ကြည့်ရင် 'နေရာမှား၍ ရောက်လာသောအရာများ'လို့ ပြောနိုင်ပါလိမ့်မယ်။ ဥပမာအနေနဲ့ပြောရရင်တော့ ဆံပင်ဟာ လူရဲ့ဦးခေါင်းပေါ်မှာရှိနေချိန်မှာတော့ သူ့ကို သန့်ရှင်းအောင် ခေါင်းလျှော်ရည်နဲ့လျှော်၊ မွှေးကြိုင်လန်း ဆန်းအောင် ဆီလိမ်း၊ သပ်ရပ်အောင် ဘီးနဲ့ဖြီးပြီး ဂရု တစိုက် ပြုလုပ်ကြပေမယ့် အဲဒီလို တယုတယပြုလုပ်နေ ရတဲ့ဆံပင်ကကျွတ်ပြီး ထမင်းပန်းကန်၊ ဟင်းပန်းကန်ထဲ ရောက်နေပြီဆိုရင်တော့ ခုနက တယုတယလုပ်နေကြရ တဲ့ ဆံပင်က ရွံရှာစရာကောင်းတဲ့အမှိုက်ဖြစ်သွားပြီး တွေ့ တာနဲ့ တစ်ခါတည်း ပန်းကန်ထဲက ကောက်ယူဖယ်ရှား ခြင်းကို ခံကြရတာပဲဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က ပြုလုပ်ခဲ့တဲ့ စစ် တမ်းတွေအရ ဒီကနေ့ ကမ္ဘာမှာတစ်ရက်ကို အမှိုက်တန် ချိန်ပေါင်း ၇၆သိန်းခန့် နေ့စဉ်ပျမ်းမျှထွက်ရှိနေတာဖြစ် ပြီး ဒီနှုန်းအတိုင်းသာ ဆက်ပြီးစွန့်ပစ်နေဦးမယ်ဆိုရင် တော့ လာမယ့် ၂ဝ၂၅ ခုနှစ်ကိုရောက်တဲ့အခါမှာ တစ် ရက်ကို အမှိုက်တန်ချိန်ပေါင်း ၁ ဒသမ ၈သန်းအထိ မြင့် တက်လာမယ်လို့သိရပါတယ်။

အမှိုက်တွေကို အကြမ်းဖျင်းငါးမျိုး ခွဲခြားကြည့်နိုင် ပါတယ်။ အဲဒါတွေကတော့-
(၁) စည်ပင်သာယာ စွန့်ပစ်ပစ္စည်း
(၂) စက်မှုလုပ်ငန်းစွန့်ပစ်ပစ္စည်း
(၃) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းစွန့်ပစ်ပစ္စည်း
(၄) ဘေးအန္တရယ်ဖြစ်စေသော ဓာတုစွန့်ပစ်ပစ္စည်း
(၅) အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတို့ပဲဖြစ်ကြပါတယ် လို့ နိုင်ငံတကာကပညာရှင်များက ခွဲခြားသတ်မှတ်ထား တယ်လို့ သိရပါတယ်။

ကျွန်တော်တို့နေထိုင်ကြတဲ့ စီးပွားရေးမြို့တော်လို့ခေါ် တဲ့ ရန်ကုန်မြို့မှာ တစ်ရက်ကို အမှိုက်တန်ချိန်ပေါင်း ၁၅ဝဝ လောက်ထွက်ရှိနေတာဖြစ်ပြီး အဲဒီအမှိုက်တွေကို အမျိုး အစားခွဲကြည့်မယ်ဆိုရင် -
မီးဖိုချောင်အမှိုက် - ၇၃ ဒသမ ၂၇ ရာခိုင်နှုန်း
ပလတ်စတစ်အမှိုက် - ၁၇ ဒသမ ၇၅ ရာခိုင်နှုန်း
ခြံထွက်အမှိုက် - ၃ ဒသမ ၆၆ ရာခိုင်နှုန်း
အဝတ်စအမှိုက် - ၂ ဒသမ ၂၄ ရာခိုင်နှုန်း
သတ္တုအမှိုက် - ဝ ဒသမ ၂ဝ ရာခိုင်နှုန်း
ဖန်ထည်အမှိုက် - ဝ ဒသမ ၄၅ ရာခိုင်နှုန်း
တခြားအမှိုက် - ၁ ဒသမ ၂၉ ရာခိုင်နှုန်း
တွေ့ရှိရပါတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့တာကို လေ့လာဖတ်ရှုခဲ့ရဖူးပါတယ်။

''ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း၄၅မြို့နယ် ရှိပါတယ်။ အဲဒီထဲက ၃၃မြို့နယ်ကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပြီး ကျန် ၁၂ မြို့နယ် ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးဝန်ကြီးက စီမံခန့်ခွဲပါတယ်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ စီမံခန့်ခွဲမှုမှာရှိတဲ့ ၃၃ မြို့နယ်ရဲ့ ဧရိယာက ၃ဝ၆ စတုရန်းမိုင်ခန့်ရှိပါတယ်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့မှာ လူဦးရေ ၅ဒသမ ၂ သန်းခန့်ရှိပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနရဲ့ ပုံစံ(က)နဲ့ နေထိုင်ခြင်းမရှိတဲ့လူတွေကို ပါ ထည့်ပေါင်းလိုက်ရင် ရန်ကုန်မြို့ရဲ့လူဦးရေဟာ ခြောက် သန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ လူဦးရေသိပ် သည်းနှုန်းအနေနဲ့ တစ်စတုရန်းမိုင်မှာ လူပေါင်း (၁၆ဝဝဝဝ) တစ်သိန်းခြောက်သောင်းလောက် နေထိုင်နေကြတာဖြစ် ပါတယ်။

အဲဒီလူတွေက နေ့စဉ်နေ့တိုင်း အမှိုက်တွေစွန့်ပစ်နေ ကြပါတယ်။ လူတွေစွန့်ပစ်နေတဲ့ အဲဒီအမှိုက်တွေကို ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းမှု)မှ နေ့စဉ် နေ့တိုင်း တန်ချိန်ပေါင်း ၁၅ဝဝ လောက် သိမ်းဆည်းပေး နေရပြီး ရေမြောင်းထဲ၊ နောက်ဖေးလမ်းကြားထဲ ပစ်ချထား လို့ မသိမ်းနိုင်လို့ ချန်ထားခဲ့ရတဲ့အမှိုက်တွေကလည်း အ နည်းဆုံး တန် ၁ဝဝမှ ၅ဝဝအထိရှိပါတယ်။ ထိုတန်ရာနှင့်ချီ သော အမှိုက်များဟာ ရေမြောင်းများ၊ မြစ်ထွက်ပေါက် မြောင်းကြီးများ၊ ချောင်းများမှာ ပိတ်ဆို့လျက်ရှိပါတယ်။

ရန်ကုန်မြို့တွင်း မြို့နယ်အသီးသီးမှာ စီးဆင်းနေတဲ့ သဘာဝချောင်းများလည်း ရှိပါတယ်။ ပဲခူးမြစ်အတွင်း စီး ဝင်တဲ့ချောင်းတွေကတော့ မထားစုချောင်း (၁)၊ မထားစု ချောင်း(၂)၊ စက်မှုဇုန်ချောင်း၊ ကျားချောင်း၊ တာပုဇွန်ချောင်း (၁)၊ တာပုဇွန်ချောင်း(၂)၊ ဆည်ပေါက်ချောင်းတို့ ဖြစ်ကြပါ တယ်။ ပုဇွန်တောင်ချောင်းထဲကို စီးဝင်တဲ့ချောင်းတွေက တော့ တာမွေနတ်ချောင်း၊ ခုနစ်ပင်လိမ်ချောင်း၊ ကျိုက္ကဆံ ချောင်းစသည်ဖြင့် ချောင်းပေါင်း ၂ဝရှိပါတယ်။ လှိုင်မြစ်အ တွင်းကိုလည်း ချောင်းပေါင်း၂၂ချောင်းစီးဝင်ပြီး အလုံကွင်း ကျောင်းချောင်း၊ ရွာသစ်ချောင်း၊ အင်းစိန်-ရွာမချောင်း၊ ပေါက်တောချောင်းတို့မှာ ထင်ရှားပါတယ်။ ဒီ့အပြင် ကြည့် မြင်တိုင်၊ အလုံနှင့် မြို့တွင်းခြောက်မြို့နယ်မှာလည်း အကျယ် ခြောက်ပေ အနက်ငါးပေရှိသော စည်ပင်က ဖောက်လုပ်ထား တဲ့ မြစ်ထွက်ပေါက်မြောင်းကြီးများလည်းရှိပါတယ်။

ထိုမြစ်ချောင်းနှင့် မြောင်းများ ရေစီးဆင်းမှုကောင်း စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဥပဒေ၊ နည်းဥပဒေအမျိုးမျိုး ပြဋ္ဌာန်းခဲ့သော်လည်း မြို့တော် နေပြည်သူများ၏ စည်းကမ်းမလိုက်နာမှု၊ စည်ပင်သာယာ ၏ ဆောင်ရွက်မှုအားနည်းမှုတို့ကြောင့် ချောင်း၊ မြောင်းများ နှင့် နောက်ဖေးလမ်းကြားများတွင် အမှိုက်များပြည့်နှက် လျက်ရှိပါတယ်''လို့ လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဝင် ဇောတိကဦးခင်လှိုင်က သူ့ရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ ၂ဝ၁၅ခုနှစ်ဇွန် ၉ရက်မှာ ရေးသား ထားတာကို ဖတ်ရှုမှတ်သားလိုက်ရပါတယ်။

အမှိုက်တွေကို နောက်တစ်မျိုး အမျိုးအစားခွဲကြည့် ရင် ပုပ်သိုးဆွေးမြည့်သွားနိုင်တဲ့အမှိုက်နဲ့ မပုပ်သိုး၊မဆွေး မြည့်နိုင်တဲ့အမှိုက်ဆိုပြီး နှစ်မျိုးတွေ့ရှိနိုင်ပါတယ်။ ပုပ်သိုး ဆွေးမြည့်နိုင်တဲ့ အမှိုက်တွေက အချိန်ကာလတစ်ခုမှာ မြေကြီးနဲ့ တစ်သားတည်းဖြစ်ပြီး အပင်တွေအတွက် မြေဆီ သြဇာ ပြန်ဖြစ်သွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အချိန် ကာလတစ်ခုလိုပါတယ်။ အမှိုက်ဘဝကနေ မြေသြဇာဘဝ မရောက်ခင်စပ်ကြားကာလမှာ သူတို့အရင် ပုပ်သိုးရပါတယ်။ အဲဒီကာလမှာ သူတို့ဟာ လူတွေကို ဒုက္ခကောင်းကောင်း ပေးပါတယ်။ အနံ့အသက်ဆိုးများဖြစ်ပေါ်စေခြင်း၊ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်စတဲ့သတ္တဝါများအတွက် မှီခိုပေါက်ပွားရာ ဖြစ်စေခြင်းတို့အပြင် မြစ်များ၊ ချောင်းများ ရေကန်များ အတွင်း စီးဝင်တဲ့ရေများအတွင်း ပျော်ဝင်ရောက်ရှိကုန်တဲ့ အတွက် သန့်ရှင်းသောရေအရင်းအမြစ်များ လျော့နည်း ပျောက်ဆုံးစေခြင်း၊ မြေကြီးထဲ စိမ့်ဝင်ရောက်ရှိကုန်သည့် အတွက် သန့်ရှင်းသောမြေအောက် ရေအရင်းအမြစ်များ ကိုလည်း ပျက်စီးလျော့နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေပါ တယ်။

မပုပ်သိုးမဆွေးမြေ့နိုင်တဲ့ အမှိုက်ထဲမှာတော့ ဒီက နေ့ ကမ္ဘာပေါ်မှာ ဆရာကြီးဖြစ်နေတဲ့အမှိုက်က ပလတ် စတစ်ပါပဲ။ ပလတ်စတစ်ဟာ ဆွေးမြည့်တတ်တယ်ဆိုပေ မယ်လို့ သူဆွေးမြေ့ဖို့လိုအပ်တဲ့အချိန်က နှစ်ပေါင်းရာချီ ကြာတယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ ဒီကနေ့ ကျွန်တော်တို့မြို့တော် ရန်ကုန်ကို အဓိကဒုက္ခပေးနေတဲ့ အမှိုက်တွေကလည်း အခုပြောနေတဲ့ ဆွေးမြည့်လွယ်သော် လည်း မဆွေးမြည့်ခင် ပုပ်သိုးညစ်ပတ်စေသော အမှိုက်များ နှင့် ရေစီးရေလာကို ဆိုးဆိုးရွားရွား ပိတ်ဆို့ထိခိုက်စေသော မဆွေးမြည့်လွယ်သော အမှိုက်များပဲဖြစ်ကြပါတယ်။

''ချောင်းမြောင်းများတွင် လူနေအိမ်များက ကျူးကျော် ဆောက်လုပ်နေထိုင်မှု၊ အချို့ကုမ္ပဏီကြီးများကလဲ ချောင်း မြောင်းများကို ပိတ်ဆို့မြေဖို့ပြီး နေရာတိုးချဲ့မှုများကြောင့် သဘာဝချောင်းများ တိမ်ကောလာမှုကြောင့် ရန်ကုန်မြို့ ရေကြီးရခြင်း အကြောင်းရင်းများဖြစ်ပါတယ်။ နမူနာအား ဖြင့် အေးရှားဝေါလ်ကုမ္ပဏီမှ ကွင်းချောင်းမြစ်ထွက်ပေါက် အား ပိတ်ဆို့ခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ရပ် ကွက်နေပြည်သူများ ဆန္ဒပြမှု၊ ရွာသစ်ချောင်းထိပ်သစ်တော ချောင်းမြစ်ထွက်ပေါက်များတွင် ကျူးကျော်နေထိုင်သူများ ကြောင့် ပိတ်ဆို့နေမှု၊ ကြည့်မြင်တိုင်နှင့် အလုံဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ခံတံတားပိုင်ရှင်များ၊ (အေးရှားဝေါလ်၊ မြန် မာ့စီးပွားရေးကော်ပိုရေးရှင်း(ဦးပိုင်)၊ MIP )တို့ကလည်း အပြိုင်အဆိုင် လှိုင်မြစ်အတွင်း နေရာချဲ့ မြေဖို့နေသည် ကို ယနေ့ ပြည်သူများ သွားရောက်လေ့လာနိုင်ပါတယ်''လို့ ဇောတိကဦးခင်လှိုင်က သူ့ရဲ့စာမျက်နှာမှာ ရေးသား ထားပါသေးတယ်။

အမှိုက်ဆိုရင် ဘယ်အမှိုက်မှ လူတွေကို ကောင်းကျိုး မပေးပါဘူး။ လူသားတွေအားလုံး ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေထု၊ လေထု၊ မြေထု သုံးခု စလုံးကို အမှိုက်တွေကညစ်ပတ်စေပါတယ်။ သဘာဝပတ် ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဒီအမှိုက် တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအမှိုက် တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့အတွက် (ႊၽေ်အန ၾေညေ-ါနာနညအ)ပညာရပ္ကို စနစ္တက် သင်ယူတတ်မြောက် ထားတဲ့ ပညာရှင်တွေလိုအပ်ပါတယ်။ 

အဲဒီပညာရှင်ဆိုသူတွေ ကလည်း မနေ့တစ်နေ့ကမှ ဘွဲ့ရစာတတ်သူတွေမဟုတ် ဘဲ ဒီအမှိုက်တွေကို စီမံခန့်ခွဲတဲ့နယ်ပယ်မှာ ကာလအတန် ကြာသည်အထိ အတွေ့အကြုံ ရင့်ကျက်ကျွမ်းကျင်နေသူ တွေ ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလိုပညာလည်း တကယ်တတ်၊ လက်တွေ့နယ်ပယ်မှာလည်း အတွေ့အကြုံ ရင့်ကျက်ပြီးသားပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ ကိုသာ ဒီကနေ့ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီးမှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့အမှိုက်ပြဿနာ၊ ရေကြီးရေလျှံပြဿနာ တွေကို ဖြေရှင်းဖို့ တာဝန်ပေးသင့်ပါတယ်။

ဒီလိုပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက လည်း သူတို့ရဲ့အကျိုးအမြတ်ထက် မြို့တော်နေ မိဘပြည် သူတွေရဲ့ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြဿနာတွေ ကို အမှန်တကယ်ပြေလည်အောင် ဖြေရှင်းပေးစေလိုတဲ့ စိတ်စေတနာရှိဖို့လိုအပ်ပါတယ်။ ပြည်သူတွေဘက်ကလည်း ဘာအမှိုက်ဆိုရင် ဘယ်လိုစွန့်ပစ်ရမယ်၊ ဘယ်နေရာမှာစွန့် ပစ်ရမယ်ဆိုတာကို တိတိကျကျလိုက်နာပေးဖို့ လိုအပ်သ လို အဲဒီလို စနစ်တကျအမှိုက်ပစ်နိုင်ဖို့အတွက်လည်း အ မှိုက်ပုံး၊ အမှိုက်ထည့်အိတ် စတဲ့လိုအပ်ချက်တွေလည်း စနစ် တကျ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်ရှိနေအောင် လည်း လုပ်ထားပေးဖို့လိုပါလိမ့်မယ်။ 

အထူးသဖြင့် ဒီကနေ့ ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ မှိုလိုပေါက် နေပြီဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအထပ်မြင့်အဆောက် အအုံတွေမှာရှိတဲ့ အိမ်ခန်းတိုင်းကနေ လွယ်လွယ်ကူကူ စနစ်တကျ အဆင်ပြေပြေ အမှိုက်စွန့်ပစ်နိုင်တဲ့ နည်းစနစ် တွေကို အဆောက်အအုံ စတင်ဆောက်လုပ်ချိန်ကတည်း က ထည့်သွင်းတည်ဆောက်ပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်ရင် မစွန့်ပစ်သူတွေကို ဘယ်လိုပြစ်ဒဏ်မျိုးတွေပေး ပြီး နောက်ထပ်မလုပ်ရဲတော့အောင် ပညာပေးကြမလဲဆို တဲ့ အချက်ပဲဖြစ်ပါတယ်။

''အမှိုက်မပစ်ရ ဒဏ်ငွေတစ် သောင်း''ဆိုပြီး ဆိုင်းဘုတ်ကပ်ထားရုံလောက်နဲ့၊ ''ဤနေ ရာတွင် ခွေးများသာသေးပေါက်သည်''ဆိုပြီး အုတ်နံရံမှာ ရေးထားရုံလောက်နဲ့ကတော့ ကျွန်တော်တို့မြန်မာပြည် မှာ အလုပ်မဖြစ်တော့တာ နှစ်ပေါင်း ၆ဝကျော်လောက် ရှိပြီဖြစ်ပါတယ်။

လူတွေရှိသရွေ့ အရာဝတ္ထုတွေ ရှိနေဦးမှာဖြစ်ပါတယ်။ သောက်လို့ရတဲ့ရေကို ရေကောင်းလို့ခေါ်ပြီး ညစ်ပတ်နေ တဲ့ရေကို ရေဆိုးလို့ခေါ်ပါတယ်။ သန့်ရှင်းပြီးသုံးလို့ရတဲ့ အ ရာတိုင်းကို ပစ္စည်းကောင်းလို့ခေါ်ပြီး ညစ်ပတ်တဲ့၊ အသုံး မကျတဲ့အရာတိုင်းကိုတော့ အမှိုက်လို့ခေါ်ပါတယ်။ ဒီလိုပါပဲ လူတွေမှာလည်း ပညာတော်ပြီး လောကကြီးအတွက် အ သုံးတည့်တဲ့လူတွေကို လူကောင်းတွေလို့သတ်မှတ်ပြီး ပညာ တတ်ဖြစ်နေရင်တောင်မှ လောကကြီးအတွက်အသုံးမတည့် တဲ့သူတွေ အများကောင်းကျိုးထက် ကိုယ့်ကောင်းကျိုးကိုပဲ ကြည့်နေတဲ့လူတွေ၊ အတ္တ၊ မာနနဲ့ လောဘကြီးနေသူတွေ လက်ရှိရောက်နေတဲ့နေရာအတွက် ဘာမှအသုံးမကျသူ တွေကို လူ့အမှိုက်တွေလို့ သတ်မှတ်ကြရမှာ ဖြစ်ပါတယ်။

သေချာတာတစ်ခုက အမှိုက်ဆိုရင်တော့ ဖယ်ကိုဖယ်ပစ် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမှိုက်ဆိုတိုင်း လွှင့်ပစ်စရာလား လို့မေးရမယ့် မေးခွန်းတစ်ခုရှိနေပါသေးတယ်။ ''နေရာ တစ်ခုအတွက် အမှိုက်ဟာ နောက်နေရာတစ်ခုအတွက် တော့ သယံဇာတအဖြစ်အသုံးချနိုင်တယ်''ဆိုတဲ့ အယူ အဆကို ကျွန်တော်တို့အသုံးချကြဖို့လိုအပ်ပါတယ်။ အမှိုက် ကနေ ရွှေပြန်ရှာနိုင်ပါတယ်၊ အမှိုက်ကနေ လောင်စာဆီ ပြန်ထုတ်နိုင်ပါတယ်၊ အမှိုက်ကနေ စွမ်းအင်ထုတ်နိုင်ပါ တယ်၊ အမှိုက်ကနေ လူသုံးပစ္စည်းတွေ ထုတ်နိုင်ပါတယ်၊ အမှိုက်ကနေ သဘာဝဓာတ်မြေသြဇာတွေ ထုတ်နိုင်ပါ တယ်။

ဒါကြောင့် အမှိုက်တွေကို စနစ်တကျပြန်အသုံးချ ခြင်းအားဖြင့် လောကကြီးမှာ ရှုပ်နေတာတွေကို အတော် များများ ပြေလည်အောင် ဖြေရှင်းပေးကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

ကိုရင်လှ - TheYangonTimes

မှတ်ချက်များ