မြန်မာပြည်သူတွေရဲ့ ရေဘေးသင့်ဝေဒနာကို ဘယ်လိုကာကွယ်ကုသကြမလဲ


ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က မုတ်သုံလေအားကောင်းပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြန်မာပြည် နေရာတော်တော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ စတင်ဖြစ်ပေါ်ခဲ့တယ်။ ဇွန် ၂၅ ရက်မှာ သည်းသည်းထန်ထန် ရွာခဲ့တဲ့မိုးကြောင့် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ ရေဘေးသင့် သေဆုံးခြင်း၊ အိုးအိမ်တွေ ဆုံးရှုံးရခြင်း၊ လယ်ယာတွေ ရေနစ်မြုပ်ခြင်း၊ ကားလမ်းတွေ ကျိုးပျက်ပြီး ကူးသန်းသွားလာရေး၊ ကုန်သွယ်ရေးလုပ်ငန်းတွေ ပြတ်တောက်ခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

အဲဒီအထဲမှာမှ အထိအနာဆုံးက ရခိုင်ပြည်နယ်ပါပဲ။ မြန်မာပြည်ဟာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတွေ အားနည်းနေတဲ့အချိန်မှာ ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အချိန်မီ စနစ်တကျ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် မြန်မာပြည်သူတွေဟာ ပိုပြီး အထိနာခဲ့ရပါတယ်။

အခုလည်း ဇူလိုင် ၁၇၊ ၁၈ ရက်ခန့်က စပြီး မိုးအဆက် မပြတ်ရွာသွန်းကာ မြစ်ရေတွေ မြင့်တက်လာမှုကြောင့် မြန်မာပြည်အထက်ပိုင်း နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ရေကြီးရေလျှံမှုတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း၊ ရွှေဘို၊ ရေဦး၊ မုံရွာ၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဘုတလင်၊ ကနီ၊ ဖောင်းပြင်မြို့နယ်တွေမှာ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီလို ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူတွေ သောင်းနဲ့ချီ ရေဘေးသင့်ခဲ့ရပြီး အသက်သေဆုံးမှုတွေတောင် ရှိခဲ့ပါတယ်။

ရေကြီးရေလျှံမှုတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအပြင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွေမှာလည်း ဖြစ်ပေါ်ခဲ့ပြီး စပါးခင်းတွေ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ဆေးရုံတွေ ရေနစ်မြုပ်ခဲ့ရတယ်။ ပြည်သူတွေ သွားရေးလာရေး၊ စားဝတ်နေရေးတွေခ က်ခဲပြီး ကျန်းမာရေးတွေ ထိခိုက်ခဲ့ရတယ်။

ကုန်လွန်ခဲ့တဲ့ သက္ကရာဇ်တွေမှာလည်း ရေဘေးသင့်ဝေဒနာတွေနဲ့ အဲဒီလို ရေကြီး၊ ရေလျှံ၊ ရေနစ်မြုပ်မှုဘေးဒုက္ခတွေဟာ မိုးရာသီရောက်လို့ မိုးဖြိုင်ဖြိုင်ရွာပြီဆိုတာနဲ့ ကျွန်တော်တို့ မြန်မာပြည် နေရာတော်တော်များများမှာ ကြုံတွေ့နေရတာပါ။ ဒါ တစ်နှစ်တည်း မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဖြစ်နေတာပါ။ မြန်မာပြည်ရဲ့ မိုးရာသီကာလတွေထဲကမှ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာသုံးလဟာ ရေကြီး နစ်မြုပ်မှုအဖြစ်ဆုံးကာလတွေဖြစ်ပြီး ဆုံးရှုံးမှုတွေလည်း အမြဲကြုံတွေ့နေရပါတယ်။ 

ဒါကြောင့်လည်း ရေဘေးအန္တရာယ်ဟာ မြန်မာပြည်မှာ ဒုတိယအဖြစ်အများဆုံး သဘာဝဘေးအန္တရာယ်အဖြစ် မှတ်တမ်းဝင်နေခဲ့တာပေါ့။ မှတ်တမ်းတွေအရ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ရေဘေးအန္တရာယ်ကြောင့် လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ကြောင်း၊ အိမ်ထောင်စုပေါင်း ၇၇၈၄၃ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁၆၉၀၉ သိန်း ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဒီပြင် ၂၀၁၃ ခုနှစ်မှာ ဒေးဒရဲမြို့နယ်အတွင်းရှိ ရေကာတာကျိုးပြီး လယ်ဧက တစ်သိန်းကျော် ရေနစ်မြုပ်ခဲ့ရတယ်။ ကရင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတယ်။ ရေကြီးနစ်မြုပ်မှုတွေကြောင့် ဘားအံမြို့၊ မွန်ပြည်နယ် ဘီးလင်းမြို့တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေတောင် ဖွင့်လှစ်ကယ်ဆယ်ခဲ့ရပြီး ရေဘေးသင့်ပြည်သူ ၉၀၀၀ နီးပါး ရှိခဲ့ပါတယ်။ နောက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာလည်း ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ရေကြီးနစ်မြုပ်မှုတွေဟာ ၂၀၁၄ ခုနှစ်တွေမှာ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အများဆုံးကြုံတွေ့ခဲ့ရတယ်။

အဲဒီ ရေကြီးနစ်မြုပ်မှုတွေဟာ ပဲခူးခရိုင်နဲ့ ပြည်ခရိုင်တွေမှာ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်အနှံ့ ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူပေါင်းများစွာ ရေဘေးသင့်ခဲ့ရပြီး စားဝတ်နေရေးတွေ ကျပ်တည်းခဲ့ရတယ်။ မိုးစပါး စိုက်ဧက ၁၄၆၉၁၉ ရေလွှမ်းခဲ့ပြီး ၁၀၇၄၄ ဧကမှာ လုံးဝပျက်စီးခဲ့ရတယ်။ မှတ်တမ်းတွေအရ ရေကြီးရေလျှံမှုတွေဟာ နှစ်စဉ်ဖြစ်နေကျ နေရာတွေမှာ ပုံမှန်ဖြစ်ပွားတတ်သလို နေရာသစ်တွေလည်း ထပ်တိုးလာတာ တွေ့ရပါတယ်။

 မိုးလေသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရေကြီးရေလျှံမှုဖြစ်ပွားနိုင်တဲ့ နေရာတွေ၊ ရေကြီးရေလျှံနိုင်တဲ့ မြစ်တွေကို နှစ်စဉ် ထုတ်ပြန်ကြေညာပေးနေတာ တွေ့ရပါတယ်။ မြစ်ရေတက်တဲ့အချိန်မှာ မိုးသည်းထန်စွာရွာရင် ရေကြီးနစ်မြုပ်မှုတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို မလွဲမသွေ လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တိုင်း အမြဲတမ်းဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာ အားလုံးအသိပါပဲ။ 

အဲဒါ ဘာကြောင့်လဲဆိုရင် အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းမှုကြောင့်ပါပဲ။ ဒီနေရာမှာ မြန်မာပြည်ရဲ့ ရေကြီး ရေလျှံမှုနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်တွေ ဆောင်ရွက်ပြီး ပျက်စီးဆုံးရှုံးမှုတွေ လျော့နည်းသွားစေဖို့ ကျွန်တော် လေ့လာသင်ယူခဲ့ရသလောက်လေး ပြောပြချင်ပါတယ်။

ဘယ်နေရာ ဘယ်ကာလတွေမှာ ရေကြီးတတ်တာလဲ

မြန်မာပြည်ဟာ နှစ်စဉ် ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရပြီး အစိုးရအနေနဲ့ ထိရောက်တဲ့ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေ မလုပ်တဲ့အတွက် လူဦးရေ ၅၀၀၀၀ မှ ၆၀၀၀၀ အကြား ရေဘေးသင့်နေရသလို လယ်မြေ ဧက တစ်သိန်းကျော် ရေနစ်မြုပ်နေရပါတယ်။ မြန်မာပြည်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် မုတ်သုံကာလတွေ တိုတောင်းလာပေမယ့် မိုးရွာသွန်းရင် သည်းသည်းထန်ထန် ရွာသွန်းတတ်ပါတယ်။ 

ဒါကြောင့်လည်း နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရတာပေါ့။ မြန်မာပြည်မှာ ရေကြီးရေလျှံမှုတွေဟာ ပျမ်းမျှအားဖြင့် ဇွန်လကနေ အောက်တိုဘာလအတွင်း ဖြစ်ပွားတတ်ပေမယ့် မိုးအားကောင်းတဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

မြန်မာပြည်မှာ မြစ်၊ ချောင်းတွေဟာ ကွန်ရက်တွေလို ရှိနေတဲ့အတွက် တစ်ပြည်လုံးမှာ ရေကြီးနိုင်ခြေရှိပါတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် တောင်ပိုင်းမှာ ဒီရေတက်ချိန် နဲ့ မြစ်ရေစီးဆင်းမှု မြင့်မားချိန် တိုက်ဆိုင်နေရင် ရေကြီးမှုဖြစ်ပွားတတ်ပါတယ်။ ကချင်၊ ရှမ်း၊ ချင်းနဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာရင် လျှပ်တစ်ပြက် ရေကြီးတတ်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ သေချာတာကတော့ မြန်မာပြည်မှာ မိုး တွေအဆက်မပြတ် သည်းသည်းထန်ထန် ရွာသွန်းလာပြီဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တော့မယ်ဆိုတာပါပဲ။ ဒါကြောင့် မိုးသည်းသည်းထန်ထန်ရွာရင် နှစ်စဉ် ရေကြီးရေလျှံနေကျဒေသမှာ နေထိုင်တဲ့သူတွေဟာ အမြဲသတိထားပြီး ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားသင့်ပါတယ်။

ဘာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ရတာလဲ

ရေကြီးမှုသဘာဝဘေးအန္တရာယ်ဟာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်း၊ ရေစီးဆင်းမှုစနစ် ညံ့ဖျင်းခြင်း၊ မြစ်ကြောင်း ပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်းပြောင်းခြင်း၊ ဆည်မြောင်း၊ တာမံနဲ့ မြစ်ကူးတံတားတွေ တည်ဆောက်ရာမှာ နည်းပညာပိုင်း အားနည်းခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတွေကြောင့် ဖြစ်ပွားရတာပါ။ မြန်မာပြည်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ရတာ အပေါ်ယံအမြင်နဲ့ ပြောရမယ်ဆိုရင် မိုးသည်းထန်စွာရွာသွန်းလို့ ဖြစ်ရတာလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်စေတဲ့ ကိစ္စရပ်တွေက အများကြီးပါ။ ပြောရမယ်ဆိုရင် သစ်တောတွေ အဆမတန်ပြုန်းတီးမှု၊ သယံဇာတ တွင်းထွက်တွေ အဆမတန်ထုတ်ယူမှုတွေကနေ စပြောရမှာပါ။

သစ်တောပြုန်းတီးမှု၊ တွင်းထွက်တွေ ထုတ်ယူမှုကြောင့် မြေဆီလွှာထိန်းချုပ်နိုင်မှုတွေ အားနည်းလာပြီး မိုးရွာသွန်းတဲ့အခါ မြေဆီလွှာတွေဟာ အလွယ်တကူ တိုက်စားခံရတော့တယ်။ တိုက်စားခံရတဲ့ မြေဆီလွှာတွေဟာ မိုးရေရဲ့ သယ်ဆောင်မှုကြောင့် မြစ်ချောင်းတွေထဲ ရောက်ကြရတယ်။ မြစ်၊ချောင်းတွေဟာလည်း ပုံမှန်အတိုင်းဆိုရင် မြေဆီတွေ၊ သဲနုန်းတွေကို ပင်လယ်အထိရောက်အောင် သယ်ဆောင်သွားနိုင်ပါတယ်။ 

အခုတော့ မြစ်ကိုမြင်ရင် တံတားဆင်ဆိုပြီး ဆောက်ခဲ့တဲ့ တံတားတွေ၊ လျှပ်စစ်ရဖို့၊ စိုက်ပျိုးရေရဖို့ဆောက်ခဲ့တဲ့ ဆည်တမံတွေကြောင့် မြစ်ချောင်းတွေဟာ ရေစီးအားနည်းသွားပြီး မြေဆီ၊ သဲနုန်းတွေကို ပင်လယ်အထိ မသယ်ဆောင်နိုင်တော့ဘဲ ရောက်တဲ့နေရာမှာ ပို့ချရတဲ့အတွက် သောင်ထွန်းမှုတွေ မြစ်ကြောင်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီလို မြစ်တွေ၊ ချောင်းတွေ တိမ်ကောလာပြီး မြစ်ကြောင်း ပိတ်ဆို့မှုတွေကြောင့် မိုးသည်းသည်း ထန်ထန် ရွာသွန်းလိုက်တာနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားရတော့တာပါပဲ။ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့အချိန်မှာ ဆည်တမံတွေကို ချိုးဖောက်တာတွေကြောင့်လည်း ရေကြီးရေလျှံမှုတွေဟာ ပိုမိုပြင်းထန်သွားရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ရေကြီးရေလျှံမှုဘေး ဘယ်လိုကာကွယ်မလဲ

တကယ်တော့ သဘာဝဘေးအန္တရာယ်ဆိုတာ အတင်းဖြစ်ခိုင်းလို့ မရသလို မဖြစ်ပါနဲ့လို့လည်း ပြောလို့မရပါဘူး။ သူဖြစ်ချိန်ကျရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ညှာဘဲ ဖြစ်ပွားတတ်တဲ့ သဘာဝရှိပါတယ်။ ဒါပေမဲ့ ဖြစ်ပွားလာခဲ့ရင် အထိခိုက်၊ အပျက်အစီး နည်းပါးအောင်တော့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားလို့ရပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့စကားလည်း ရှိတယ် မဟုတ်လား။ အခုလည်း မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကို မဖြစ်ပါနဲ့လို့ တားဆီးလို့မရပေမယ့် နှစ်စဉ်ရေဘေးကြုံနေတဲ့ ဒေသတွေမှာတော့ ရေဘေးကြိုတင်ကာကွယ်မှုတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်နေရာချထားရေး အစီအမံတွေကို ဆောင်ရွက်ထားလို့ရပါတယ်။ ရေကြီးမှုဆိုတာ မြန်မာပြည်မှာ နှစ်စဉ်ဖြစ်ပွားနေကျဖြစ်တဲ့အပြင် ဖြစ်ပွားနေကျ နေရာတွေကိုလည်း သိထားတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေကို ပိုပြီး တိတိကျကျ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာတော့ ရေကြီးမှုဖြစ်ပွားတိုင်း ဆုံးရှုံးမှုတွေ ကြုံတွေ့နေရမြဲပါ။ ဒါကိုကြည့်ရင် မြန်မာပြည်ရဲ့ ရေဘေးကြိုတင်ကာကွယ်ရေး အစီအမံတွေဟာ စနစ်တကျမရှိသေးတာ သိသာလွန်းနေပါတယ်။ ဒီလိုကာကွယ်မှုတွေ လုပ်ဆောင်ကြတဲ့နေရာမှာ အစိုးရဌာနတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက်မရှိဘဲ လုပ်ဆောင်နေလို့မရသလို ရေဘေးကာကွယ်မှု အစီအမံတွေကိုလည်း လူကြားကောင်းအောင် အသံကောင်း ဟစ်နေလို့မရပါဘူး။

 နှစ်စဉ် ရေကြီးနေကျနေရာတွေမှာ ရေကြီးနိုင်မှုအလားအလာတွေကို မိုးလေ၀သဌာနတွေက ပုံမှန်အတိုင်း သတင်းထုတ်တဲ့အပြင် သက်ဆိုင်ရာဌာနတွေကို တိုက်ရိုက်အသိပေး တင်ပြတာမျိုး၊ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဆောင်ရွက်တာမျိုးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ သက်ဆိုင်ရာဌာနတွေကလည်း ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်တဲ့နေရာတွေမှာ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု အစီအမံကောင်းတွေကို ကြိုတင်လုပ်ဆောင်ထားရမှာပါ။

 ဒါမှသာ မြန်မာပြည်သူတွေ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေဘေးသင့်ဝေဒနာကို ကာကွယ်ကုသနိုင်ပြီး ရေဘေးသင့်ဝေဒနာကြောင့် ပျက်စီးဆုံးရှုံးမှုပေါင်းစုံကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေရဲ့ဘ၀ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

မင်းချစ်နိုင် - Eleven

မှတ်ချက်များ