အသက် ၉ နှစ်အရွယ် ဂျပန်ကျောင်းသားငယ်လေး တစ်ဦးထံမှ ရရှိခဲ့သော စွန့်လွှတ်အနစ်နာခံခြင်းဆိုတာ ဘာလဲဆိုတဲ့ ၀မ်းနည်းကြေကွဲဖွယ်ရာ သင်ခန်းစာလေးတစ်ခု
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ အသင်းအဖွဲ့တစ်ခုကနေပြီး မူလတန်းကျောင်းလေး တစ်ကျောင်းမှာ ဆူနာမီ ဒုက္ခသည်တွေကို အစားအသောက်တွေ ကူညီခွဲဝေပေးရန်အတွက် မနေ့ညက ကျွန်တော် တာဝန်ကျခဲ့ပါတယ်။ အစားအသောက်တွေကို လက်ခံယူဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းကြီးထဲမှာ တီရှပ်ကလေးတစ်ထည်နဲ့ ဘောင်းဘီတိုလေးတစ်ထည်သာ ၀တ်ဆင်ထားတဲ့ အသက် ၉ နှစ်အရွယ် လူကလေးတစ်ယောက် တန်းစီနေတာကို သတိထားမိခဲ့ပါတယ်။ ရာသီဥတုကလည်း တကယ့်ကို အေးခဲနေပြီး အဲဒီလူကလေးဟာ လူတန်းကြီးရဲ့  ဟိုးနောက်ဆုံးမှာ တန်းစီနေပြီး အစားအစာရဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ သူ့အလှည့်ရောက်တဲ့အချိန် ဘာအစားအသောက်မှ သူ့အတွက် မကျန်တော့ရင်တော့ ဒုက္ခပဲလို့တွေးမိပြီး ကျွန်တော် စိတ်ပူသွားခဲ့ပြီးနောက် အဲဒီလူကလေးနဲ့ စကားပြောခွင့်ရဖို့ သူ့အနားကို ချည်းကပ်သွားခဲ့ပါတယ်။
အဲဒီလူကလေးဟာ ကျောင်းက စာသင်ခန်းထဲမှာ ကာယသင်ခန်းစာ သင်ယူနေစဉ်မှာပဲ မြေငလျင်လှုပ်ပြီး ဆူနာမီလာခဲ့ပါတယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ဆူနာမီလာတဲ့အချိန် ကျောင်းရဲ့  အနီးအနားမှာ အလုပ်လုပ်နေတဲ့ သူ့ရဲ့  ဖခင်ဟာ ကျောင်းကို အပြေးလာခဲ့ပါတယ်။ ကျောင်းရဲ့  တတိယထပ်က လေသာခန်းကနေ ကျောင်းကိုလာနေတဲ့ သူ့ဖေဖေဟာ ကားနဲ့အတူ ရေထုကြီးနဲ့အတူ မျောပါသွားတာကို တွေ့မြင်ခဲ့ရပြီး သူ့ရဲ့  ဖေဖေ သေဆုံးဖို့ရန် ဖြစ်နိုင်ခြေများသွားခဲ့ပါပြီလို့ ပြောပြပါတယ်။
သားရဲ့  မေမေရောလို့ ကျွန်တော်သူ့ကိုမေးလိုက်တော့ သူတို့မိသားစုဟာ သမုဒ္ဒရာကမ်းစပ်မှာ နေထိုင်ကြတော့ သူ့မေမေနှင့် သူ့ရဲ့  ညီလေးလည်း အချိန်မှီ လွတ်မြောက်ဖို့ရန် မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ သူ့ရဲ့  ဆွေမျိုးသားချင်းတွေအကြောင်း မေးကြည့်လိုက်တော့ ကောင်ကလေးဟာ လျှင်လျှင်မြန်မြန်ပဲ တစ်ဖက်ကိုလှည့်သွားပြီး မျက်လုံးအိမ်က စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပြစ်လိုက်ပါတယ်။
သူအရမ်းအေးနေတာကို သတိထားမိလိုက်ပြီး ကျွန်တော့်ရဲ့  ရဲကုတ်အင်္ကျီကို ချွတ်၍ သူ့ကို လွှမ်းခြုံပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့  ညစာခွဲတမ်းအဖြစ် ရရှိထားတဲ့ ကျန်ရှိနေသော အစားအစာလေးကို အိတ်ကပ်ထဲမှထုတ်ပြီး သူ့ကိုပေးရင်း " သားရဲ့  အလှည့်ရောက်ရင် စားစရာ မကျန်တော့မှာ စိုးရိမ်မိတယ်။ ဒီ စားစရာလေးဟာ ဦးဦးရဲ့  ဝေစုထဲကပါ။ ဦးဦး စားပြီးပါပြီ။ သားလေးယူပြီး စားလိုက်ပါ" လို့ ပြောလိုက်ပါတယ်။ လူကလေးဟာ အစားအစာကို လက်ခံရယူပြီး ကျေးဇူးတင်ကြောင်း ခါးကို ကိုင်းညွန်ဂါရ၀ပြုလိုက်ပါတယ်။ အဲဒီ တစ်ခဏအတွင်းမှာပဲ ဒီလူကလေး စားသုံးတော့မယ်လို့ ကျွန်တော်တွေးထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်တော်တွေးထင်ခဲ့သလိုမဟုတ်ဘဲ အဲဒီ စားစရာကို လူတန်းကြီးရဲ့  ထိပ်ဆုံးမှာရှိတဲ့ အစားအသောက်တွေ ခွဲဝေပေးရာ စားစရာတွေ ထည့်ထားတဲ့ သေတ္တာကြီးတစ်လုံးထဲ ယူသွားထည့်ပြီး သူ့တန်းစီနေတဲ့ နေရာကို ပြန်လာခဲ့ပါတော့တယ်။
ကျွန်တော် အရမ်းအံ့သြသွားပြီး သား ဘာကြောင့်မစားသလဲလို့ မေးကြည့်လိုက်ပါတယ်။ သူဘယ်လို ဖြေလဲဆိုတော့ " ကျွန်တော်ထက် စာလောင်နေတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ ကျွန်တော်အဲဒီမှာ သွားထည့်လိုက်တော့ သူတို့တွေ အစားအသောက်လိုအပ်နေတဲ့သူတွေကို ညီတူညီမျှ ပေးဝေနိုင်ပါလိမ့်မယ်" လို ဖြေပါတယ်။
သူ့ရဲ့  အဖြေကိုကြားပြီးနောက် ကျွန်တော် တစ်ဖက်ကို လှည့်ထွက်သွားလိုက်ပြီး လူတွေ မမြင်မိအောင်ငိုချလိုက်မိတယ်။ ယခုလို ဘေးအန္တရာယ်ဖြစ်ပြီး ဒုက္ခရောက်နေတဲ့အချိန်မှာ အသက် ၉ နှစ်အရွယ် တတိယကျောင်းသားလေး တစ်ယောက်ထံမှ ဒါမျိုးသင်ခန်းစာ ရလိမ့်မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပါပဲ။ အသက် ၉ နှစ်အရွယ် ဂျပန်ကျောင်းသားလေးတစ်ဦးဆီက စွန့်လွှတ်အနစ်နာခဲ့မှုဆိုတာ ဘာလဲဆိုပြီး ရရှိလိုက်ရတဲ့ စိတ်ထိခိုက်ဖွယ် သင်ခန်းစာလေးတစ်ခုပဲ ဖြစ်ပါတယ်။
အထက်ပါ ဖြစ်ရပ်မှန် စိတ်ထိခိုက်ဖွယ် သင်ခန်းစားလေးဟာ ဂျပန်နိုင်ငံမှာ အခြေချနေထိုင်ပြီး ရဲတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ ဗီယက်နမ်လူမျိုးတစ်ဦးမှ ဗီယက်နမ်နိုင်ငံရှိ သူရဲ့  သူငယ်ချင်းတစ်ယောက်ထံ ပေးပို့တဲ့ စာတစ်စောင်မှ ကောက်နုတ်ထားခြင်းပဲဖြစ်ပါတယ်။
ဇာတ်လမ်းအပြည့်အစုံ ဖတ်ရှုချင်လျှင်တော့ http://newamericamedia.org/…/letter-from-fukushima-a-vietna… မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
အထက်ပါ ကြေကွဲဖွယ်ရာဇာတ်လမ်းလေးဟာ ယခု ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် သင်ခန်းစာယူဖွယ် ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပြီး မကြာမှီ ရက်ပိုင်းက အွန်လိုင်းလူမှုကွန်ယက်များမှာ ပျံ့နှံ့နေတဲ့ ရေဘေးဒုက္ခသည်များနဲ့ ဆက်လျဉ်းပြီး ပေးလှူပြီးသားလူတွေကို ထပ်ခါထပ်ခါ ပေးလှူနေမှု ဖြစ်ပွားနေတာတွေရယ်၊ တစ်ချို့ သော ကျေးရွာများမှာ ကူညီမှု လုံးဝ မရလိုက်တဲ့ ရေးဘေးဒုက္ခသည်တွေရှိနေသေးကြောင်း ကြားသိမိရပြီး အွန်လိုင်းမှာ ပြန်လည်ရှာဖွေရင်း ဤစာလေးကို ရေးဖို့ တွန်းအား ဖြစ်လာခဲ့ရခြင်းပဲ ဖြစ်ပါတယ်။
ဘေးဒုက္ခရောက်နေစဉ်မှာ တစ်ဦးကိုတစ်ဦး စွန့်လွှတ်အနစ်နာခံပြီး စာနာ ဂရုဏာစိတ်ထားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဤစာကို မေတ္တာဖြင့် ရေးသားလိုက်ရခြင်းပဲဖြစ်ပါတယ်။
စလုံး

မှတ်ချက်များ