ဓာတ်ကြိုးပြတ်ကျ၍ ကလေးငယ်တစ်ဦးထိခိုက်

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၆)ရပ်ကွက် ရမည်းသင်းလမ်းမပေါ်တွင် ဆော့ကစားနေသည့် အသက်(၅)နှစ်အရွယ် ကလေး ငယ်တစ်ဦး ဓာတ်အားလိုင်းကြိုးပြတ်ကျရာက ပြင်းထန်စွာဒဏ်ရာများရရှိကာ သတိလစ်မေ့မျောသွားသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အမှတ်(၁၆)ရပ်ကွက် ရမည်းသင်း လမ်းမပေါ်တွင် ကလေးငယ်များဆော့ကစားနေခိုက် အသက်(၅)နှစ်အရွယ် မခိုင်နွယ်ဦးမှာ လျှပ်စစ်ဓာတ်အားလိုင်းကြိုး ပြတ်ကျနေသည်ကိုမသိရှိဘဲ ဝင်ရောက်တိုက်မိရာမှ ဓာတ်လိုက်ခံရခြင်းကြောင့် ယာလက်ဖျားနှင့် ခန္ဓာကိုယ် တွင် အပူလောင်ဒဏ်ရာများရရှိကာ သတိလစ်မေ့မျောသွားခဲ့သည်။

အဆိုပါ လမ်းအတွင်းရှိ ဓာတ်အားလိုင်းကြိုး သုံးကြိုးရှိသည့်အနက် ယင်းဓာတ်ကြိုးသည် အကြိမ်ကြိမ် ပြတ်ကျရခြင်းမှာ အနီးရှိသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မင်းထက်ပိုင်(လှိုင်သာယာ) - The Mirror Daily

မှတ်ချက်များ