မီးလောင် လေယာဉ်ကို ၉စက္ကန့်နဲ့ ထိန်းချုပ်ပြီး ခရီးသည်တွေကို ကယ်တင်ခဲ့တဲ့ လေယာဉ်မှူး ဟန်ကီ
အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့က မက္ကာရန်း လေဆိပ်မှာ အင်္ဂလန် လေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၇၇ လေယာဉ် မီးလောင်ခဲ့ပါတယ်။ လေယာဉ်ပျံတက်ဖို့ အရှိန်ယူနေစဉ်မှာ မီးလောင်ခဲ့တာ ဖြစ်ပေမယ့် တန်ချိန် ၃၅၀ လေးတဲ့ လေယာဉ်ကို လေယာဉ်မှူးက ၉စက္ကန့် အတွင်း ရပ်တန့်နိုင်ခဲ့လို့ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၅၉ဦးနဲ့ လေယာဉ် ၀န်ထမ်းတွေဟာ ၃မိနစ် အတွင်း လေယာဉ်ပေါ်က ထွက်ခွာ သွားနိုင်ခဲ့ကြပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ်။
အဲဒီ လေယာဉ်မှူး နာမည်က ခရစ္စ ဟန်ကီပါ။ အသက် ၆၃နှစ် ရှိပြီဖြစ်တဲ့ ဟန်ကီရဲ့ဘ၀မှာ ဒီလို အဖြစ်အပျက်မျိုး တစ်ကြိမ်မျှ မကြုံဖူးခဲ့ပါဘူး။ လေယာဉ်မောင်းနှင်ခဲ့တဲ့ သက်တမ်း ၄၂နှစ် အတွင်းမှာ ဒါက သူ့အတွက် ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟန်ကီက လေယာဉ်မှူး ဘ၀ကနေ အနားယူတော့မှာ ဖြစ်လို့ပါပဲ။
လေယာဉ် မီးလောင်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဟန်ကီက အခုလို ပြောပါတယ်။ "ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်လာပြီးတဲ့နောက် လေယာဉ်က ဘယ်ဘက်ကို လမ်းကြောင်း ပြောင်းသွားတယ်။ ဘာလို့လဲဆိုတော့ တတိယ လေယာဉ်မှူးက စက်ခန်း တံခါး ဖွင့်ပြီး ခရီးသည်တွေ နေတဲ့ အခန်းထဲကို ဆင်းသွားခဲ့လို့ပါ။ အဲဒီအချိန်မှာ အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာ သူ သိသွားတယ်"။
ဒီအချိန်ထိ ဟန်ကီက လေယာဉ် မီးလောင်တဲ့ အခြေအနေ ဘယ်လောက် ဆိုးနေပြီလဲ မသိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကတော့ တည်ငြိမ်လွန်းပါတယ်။ လေယာဉ် မီးလောင်နေလို့ မီးသတ် တပ်ဖွဲ့ လွတ်ပေးဖို့ အကြောင်းကြားခဲ့သလို တစ်နာရီ မိုင် ၉၀နှုန်းနဲ့ ပျံတက်ဖို့ ကြိုးစားနေတဲ့ လေယာဉ်ကိုလည်း ၉စက္ကန့် အတွင်း ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း အွန်လိုင်း စာမျက်နှာတွေထက်မှာ သူဟာ သူရဲကောင်း တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဟန်ကီကတော့ '' စာမျက်နှာတွေထက်မှာ ကျွန်တော့်ကို သူရဲကောင်းလို့ ပြောနေတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ တွဲဖက်လေယာဉ်မှူးနှစ်ဦးနဲ့ အားစိုက်ကြိုးပမ်းခဲ့ကြတဲ့
လေယာဉ်ဝန်ထမ်းတွေကိုလည်း သတိရဖို့ လိုအပ်ပါတယ်'' လို့ ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ဟန်ကီဟာ လေယာဉ်မှူး ဘ၀ နောက်ဆုံး ခရီးစဉ် အဖြစ် ဗြိတိန် လေကြောင်းလိုင်းနဲ့ ကာရေဘီယံ ပင်လယ် အရှေ့ပိုင်းက ဘာဘေးဒိုးကို ပျံသန်းဖို့ စီစဉ်ခဲ့ပေမယ့် လေယာဉ် မီးလောင်တဲ့ အဖြစ်အပျက် အပြီးမှာတော့ လေယာဉ်မှူး ဘ၀ကို စွန့်လွှတ်ခဲ့ပြီလို့ ပြောပါတယ်။ ဒါပေမဲ့ သူဟာ လက်ရှိအချိန်မှာတော့ လေယာဉ် မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးခံဖို့ အတွက် လတ်စ်ဗီးဂတ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဒေလီးမေးလ်ရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ အင်ဂျင်ခန်း မီးသတ်ဆေးဘူး အလုပ် မလုပ်ခဲ့တာကြောင့်လို့ သိရပါတယ်။
Nz (ရိုးရာလေး)



မှတ်ချက်များ