ပထမဦးဆုံး တရားဝင် အာဟာရဖြည့်စွက်ဆေးခြောက်သောက်ဆေး ဥရောပမှာ စတင်ရောင်းချ


ပထမဆုံး တရားဝင် အာဟာရဖြည့်စွက်ဆေးခြောက်သောက်ဆေးကို ဥရောပမှာ ဈေးကွက်စတင်ခဲ့ပြီး အခုအခါမှာ အွန်လိုင်းစတိုးတစ်ခုကနေ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။

‘Satiphram’ လို့ ခေါ်တဲ့ ၁၀ မီလီဂရမ်ဆေးပြားတွေကို ‘အာဟာရဖြည့်စွက်ဆေး’ အဖြစ် ဈေးကွက် တင်သွင်းခဲ့တာဖြစ်ပြီး ဆေးထုတ်လုပ်သူ MMJ Phytotech ရဲ့ အင်တာနက်စာမျက်နှာမှာ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီဆေးတွေကို တရားဝင်ခွင့်ပြုရခြင်းရဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ခံစားရတဲ့ ဆေးမိသလို ထုံထိုင်းနေတဲ့ ‘high’ ခံစားမှုမျိုးကို ပေးစွမ်းနိုင်တဲ့ ဆေးခြောက်ဓာတ်ပေါင်းပစ္စည်း THC မပါဝင်မှုကြောင့်ဖြစ်ပါတယ်။

ဒီအစား CBD လို့ ခေါ်တဲ့ တခြားဆေးခြောက်ဓာတ်ပေါင်းတစ်မျိုးပါဝင်ပြီး အဆိုပါဒြပ်ပေါင်းက နာတာရှည် နာကျင်ကိုက်ခဲမှုရောဂါ၊ စိတ်ဖိစီးမှုရောဂါနဲ့ တခြား ဆိုးရွားတဲ့အဖျားရောဂါတွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

CBD ထုတ်ကုန်ပစ္စည်းတွေဟာ ကင်ဆာအပါအ၀င်တခြားရောဂါအများအပြားကို တိုက်ဖျက်နိုင်တဲ့ အစားထိုးဆေးအဖြစ် လူကြိုက်များလျက်ရှိပါတယ်။

ဒီနွေရာသီအစောပိုင်းတုန်းကလည်း Charlotte’s Web လို့ ခေါ်တဲ့ CBD ကြွယ်ဝတဲ့ ဆေးခြောက်အဆီ တစ်မျိုး ဈေးကွက်ရောက်ရှိခဲ့ပါသေးတယ်။

သိပ္ပံနည်းကျဆေးဝါးစစ်ဆေးရေး ပုဂ္ဂလိကကော်မတီက Sophie Macken က CBD ဟာ တရားဝင်ဖြစ်ပြီး အာရုံကြောကာကွယ်ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။

Ye Wint - သစ်ထူးလွင်
Ref: Metro

မှတ်ချက်များ