လိမ္မော်ရောင် စွမ်းအင်

တစ်ရက်လျှင် လိမ္မော်ရောင် ပါသော ဟင်းသီးဟင်းရွက် အသီးအနှံ တစ်မျိုးတော့ အနည်းဆုံး စားသင့်သည်ဟု အာဟာရ ဗေဒပညာရှင်များက အကြံပြုထားသည်။ ဘာကြောင့် ထိုသို့ အကြံပြုကြသနည်း။

ရင်သားကင်ဆာ ကာကွယ် ပေးနိုင်သောကြောင့်။

လိမ္မော်ရောင် ရှိသော ကန်စွန်းဥ၊ မုန်လာဥတို့ တွင်ပါသော ရက်တီ နွိုက်အက်စစ်ဓာတ်သည် ရင်သား ကင်ဆာ ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း ပညာရှင်များက ထောက်ပြသည်။ လိမ္မော်ရောင် အသီးအနှံများထဲတွင် ဗီတာမင်အေဓာတ် ပေါကြွယ်စွာ ပါဝင်သည်။ ဗီတာမင်အေထဲ တွင် ရက်တီနွိုက် အက်စစ်ဓာတ် ပေါပေါများများ ပါဝင်သည်။

အမေရိကန် နိုင်ငံ ဖီလာဒဲဖီးယား ပြည်နယ်ရှိ Fox Chase ကင်ဆာ သုတေသန စင်တာ၏ လေ့လာ တွေ့ရှိချက်အရ ရက်တီနွိုက် အက်စစ်ဓာတ်သည် ရင်သားကင်ဆာ ဖြစ်ပွားစေမည့် အစောဦးပိုင်း အဆင့်အစမျိုးမှုများကို ချေဖျက် ပစ်နိုင်စွမ်းရှိကြောင်း တွေ့ရသည်။

ကိုယ့်နှလုံးကို ချစ်သောကြောင့်

လိမ္မော်ရောင် အသီးအနှံ ဟင်းသီး ဟင်းရွက်များသည် နှလုံးကို ကောင်းစွာ စောင့်ရှောက်၏။ နေ့လယ်စာထဲ လိမ္မော်ရောင် အစားအစာ ထည့်စားခြင်းသည် နှလုံးကို စွမ်းအင် ဖြည့်ပေးခြင်းမည်၏။ လိမ္မော်ရောင် ဟင်းသီး ဟင်းရွက်များထဲတွင် ဘီတာ ကာရိုတင်းဓာတ် ပါသည်။ ထိုဓာတ် လုံလုံလောက်လောက် ရှိသူများသည် နှလုံးရောဂါ ကြောင့် သေဆုံးနှုန်း နည်းကြကြောင်း လေ့လာ တွေ့ရှိထားသည်။

ဘီတာဓာတ်

ကြွယ်ဝစေသောကြောင့်

ဘီတာ ကာရိုတင်း ဟူသော အန်တီအောက်ဆီးဒင့် ဓာတ်သည် ကိုယ်ခံစွမ်းအား ပိုကောင်းအောင် ကူပေးနိုင်သလို အမြင်ကို ကြည်လင်အောင်လည်း ကူပေးနိုင်သည်။ မုန်လာဥနီနှင့် ကန်စွန်းဥ၀ါများသည် ဘီတာ ကာရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ကြသည်။

မုန်လာဥနီကို ဆီနည်းနည်းဖြင့် ကြော်စားခြင်းသည် ဗီတာမင်အေ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေသော နည်းလမ်းဖြစ်ပြီး မုန်လာဦနီမှ အကျိုးအမြတ် အများဆုံး ရစေသော နည်းလမ်း ဖြစ်သည်။ ဘီတာ ကာရိုတင်းဓာတ် ကြွယ်ဝခြင်းသည် လူကို ဘက်စုံ ကျန်းမာရေး ကောင်းမွန်စေသော သက်ရောက်မှုလည်း ရှိသည်။

အမြင်အာရုံကိုလည်း

ပိုကောင်းစေသောကြောင့်

ရွှေဖရုံသီး၊ မုန်လာဥနီတို့သည် လူတိန်းနှင့် ဇီဇန်သင်ဓာတ် ကြွယ်ဝသည်။ မျက်စိအမြင် အာရုံဆိုင်ရာ ဂျာနယ် Archives of Ophthalmology တွင် ဖော်ပြထားသော လေ့လာမှု စစ်တမ်း တစ်ရပ်တွင် အမျိုးသမီး (၃၅၀၀၀) ကို လေ့လာထားရာ စားသော အစားအသောက်များထဲတွင် လိမ္မော်ရောင် အစားအစာ များများ ပါဝင်သူတို့သည် လူတိန်းနှင့် ဇီဇန်သင်ဓာတ်တို့လည်း ပေါကြွယ်ဝ နေကြကာ မျက်စိအမြင် ကြည်လင်မှု ပိုင်းတွင်လည်း အခြား သူများထက် (၁၈) ရာခိုင်နှုန်း ပိုကောင်းမွန်ကြကြောင်း တွေ့ရှိခဲ့ရသည်။

လူတိန်းနှင့် ဇီဇန်သင်ဓာတ် တို့သည် မျက်စိအတွင်းရှိ မှန်ဘီလူးလွှာ ကြည်လင်အောင် ကူညီပေးကြကြောင်း စစ်တမ်းက ဖော်ပြသည်။ ရွှေဖရုံသီးကို ချက်စားခြင်း၊ မုန်လာဥနီကို အခြား ဟင်းသီး ဟင်းရွက်များနှင့် ရောကြော် စားခြင်းဖြင့် လိမ္မော်ရောင် စွမ်းအင်ကို ရရှိစေနိုင်သည်။

ကိုယ်ခံအား ကောင်းစေသောကြောင့်

လိမ္မော်ရောင် ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများထဲတွင် ဗီတာမင် B6 ပါဝင်သည်။ B6 သည် သွေးဆဲလ်များ ကျန်းမာ အားကောင်းအောင် ကူပေးနိုင်သလို၊ ပရိုတိန်းဓာတ်များ ကို ခန္ဓာကိုယ်က သုံးစွဲနှုန်းကို ပိုကောင်းမွန်အောင်လည်း ကူပေးနိုင်သည်။ အကျိုးဆက်အဖြစ် ဗီတာမင် B6 သည် ကိုယ်ခံအားစနစ်ကို ပိုကောင်းမွန် လာစေသည်။

ဗီတာမင် B6 ၏ ကူညီမှုကြောင့် ကိုယ်ခံအား စနစ်သည် ပြင်ပ ရောဂါပိုးများကို ချေမှုန်းရန် ပဋိပစ္စည်းများ ပိုထုတ်ပေး နိုင်လာသည်။ ကန်စွန်းဥဖုတ် အရွယ်တော် တစ်လုံးလောက်သည်ပင် တစ်နေ့စာ လိုအပ်သော ဗီတာမင် B6 ဓာတ် (၂၅) ရာခိုင်နှုန်းလောက်ထိ ထောက်ပံ့ ပေးနိုင်သည်။

Messenger News Journal

မှတ်ချက်များ