လန်ဒန်အရှေ့တောင်ဘက် ဟစ်သာဂရင်းအရပ်မှာ West End သရုပ်ဆောင် ၄ ဦး နေထိုင်ကြတဲ့အိမ်ကို
မနေ့ညက လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီလိုဖြစ်ရတာကတော့ အဲဒီအိမ်ပိုင်ရှင် ဆိုင်မွန်ဂေါ်ဒင်ဟာ တစ်အိမ်တည်းအတူနေသူနဲ့အတူ
ပြဇာတ်တစ်ခုအတွက် ဇာတ်တိုက်နေချိန်မှာ အိမ်နီးချင်းက ပြဿနာအကြီးအကျယ်ဖြစ်နေပြီထင်လို့
ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။
မစ္စတာဂေါ်ဒင်ကတော့ "အတွေ့အကြုံတစ်ခုရလိုက်တာပေါ့ဗျာ။ ကျွန်တော်တို့က အစမ်းသရုပ်ဆောင်နေတာပါ။
အချင်းများပြီး ပြဿနာဖြစ်နေတဲ့အခန်းပေါ့ဗျာ၊ ပြတင်းပေါက်တစ်ချပ်ကိုလည်း ဖွင့်မိလျက်သားဖြစ်နေတော့ အခုလိုတွေဖြစ်ကုန်တာပေါ့" လို့ ဆိုပါတယ်။
ဆိုင်မွန်ဂေါ်ဒင်ဟာ ပြဇာတ်အတွက် ပြဿနာဖြစ်တဲ့အခန်းတစ်ခန်းကို ဇာတ်တိုက်လေ့ကျင့်နေတာဖြစ်ပြီး
လူတစ်ယောက်က သူ့ကိုမသတ်ဖို့တောင်းပန်တဲ့အခန်းပါတယ်လို့ ပြောပြပါတယ်။
ဒါပေမဲ့ သူတို့လေ့ကျင့်နေတာကို ဘယ်သူကြားသွားပြီး ရဲကိုအကြောင်းကြားလဲတော့ မသိရပါဘူး။
သူတို့အိမ်ကို ၀င်စီးတဲ့အချိန်မှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးပါပြီး
တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ ရဲတွေက ဧည့်ခန်းထဲကိုပြေးဝင်ပြီး သရုပ်ဆောင်တွေကို ထိန်းသိမ်းကာ
လက်နက်တွေလိုက်ရှာခဲ့ကြတယ်လို့ သိရပါတယ်။ အိမ်ပန်းခြံထဲမှာလည်း လက်ဖြောင့်တွေချထားပြီး
အခန်းတိုင်းမှာ လက်နက်တွေလိုက်ရှာခဲ့ကြတာ မိနစ် ၄၀ ကြာမြင့်ခဲ့ပါတယ်။
ရဲတွေပြန်သွားတဲ့အချိန်မှာ ဂေါ်ဒင်တစ်ယောက်နောင်တရမိတဲ့အကြောင်းကို ဖွင့်ဟတာကတော့ ဒီလိုပါ။
"သူတို့နဲ့ Selfie ရိုက်ချင်တယ်လို့ မပြောလိုက်ရဘူး။ ဒါပေမဲ့ မေ့သွားတာလည်း ကောင်းပါတယ်လေ။
မဟုတ်ရင် ဘာမှမဟုတ်ဘဲလာလိုက်ရလို့ စိတ်ဆိုးနေကြတော့ အနာပေါ် ဆားပက်သလိုဖြစ်သွားမှာပဲ" တဲ့။
Photo: သရုပ်ဆောင်ဆိုင်မွန်ဂေါ်ဒင်
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ