အရှေ့အလယ်ပိုင်းအတွက် ရုရှားက အရေးကြီးလို့ ဆီးရီးယားဆို

ဆီးရီးယား သမ္မတ Bashar al-Assad စစ်သားတွေကို နှုတ်ဆက်စဉ် (Credit: AFP) 
ဆီးရီးယားနိုင်ငံမှာ ​ရှိတဲ့ ​အကြမ်းဖက် ​သမားတွေကို ​ရုရှားက ​ဝင်ရောက်တိုက်ခိုက်နေတာဟာ ​ဆီးရီးယားအတွက်သာမက ​အရှေ့အလယ်ပိုင်း ​ဒေသတစ်ခုလုံး ​ပျက်စီးမသွားအောင် ​လုပ်ဆောင်ရာ ​ရောက်တယ်လို့ ​ဆီးရီးယား ​သမ္မတက ​ပြောလိုက်ပါတယ်။

ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​က ​အမေရိကန် ​ဦးဆောင်တဲ့ ​အနောက်အတိုင်း ​စစ်တပ်နဲ့ ​ဆော်ဒီအာရေးဘီးယား ​ဦးဆောင်တဲ့ ​မဟာမိတ်တပ်တွေက ​အီရတ်နဲ့ ​ပူးပေါင်းပြီး ​IS ​အဖွဲ့ကို ​တစ်နှစ်ကြာ ​တိုက်ခိုက်လာပေမယ့် ​အကြမ်းဖက် ​အဖွဲ့တွေ ​ဆက်လက် ​တည်ရှိရုံသာမက ​အကြမ်းဖက် ​ဝါဒီတွေ ​ပိုမို ​ကျယ်ပြန့်သွားသလို ​အကြမ်းဖက် ​ဖြစ်လာတဲ့ ​လူတွေတောင် ​ပိုများလာတယ်လို့ ​ဝေဖန်ခဲ့ပါတယ်။

အခု ​ဆီးရီးယား ​အစိုးရက ​ရုရှားနိုင်ငံ၊ ​အီရန်နိုင်ငံနဲ့ ​အီရတ်တို့နဲ့ ​ပူးပေါင်းပြီး ​အကြမ်းဖက်ကို ​တိုက်ခိုက်နေတာက ​ပိုပြီးတော့တောင် ​ထိရောက်မှု ​ရှိတယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဒီတိုက်ပွဲကိုလည်း ​နိုင်အောင် ​တိုက်ရမယ့်အကြောင်း ​နိုင်အောင် ​မတိုက်နိုင်ရင် ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံသာမက ​အရှေ့အလယ်ပိုင်း ​ဒေသ ​တစ်ခုလုံး ​ပျက်စီးသွားနိုင်တဲ့အတွက် ​ဖြစ်တယ်လို့လည်း ​အီရန်နိုင်ငံက ​ရုပ်မြင်သံကြားတစ်ခုနဲ့ ​တွေ့ဆုံမေးမြန်းခန်းမှာ ​ဆီးရီးယား ​သမ္မတက ​ပြောသွားခဲ့တာပါ။

ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အကြမ်းဖက် ​သမားတွေကို ​နှိမ်နင်းဖို့ ​ရုရှားက ​အင်အားတွေ ​ထပ်မံ ​ဖြည့်ဆည်းသွားမယ်လို့ ​ပြောဆိုပြီး ​တစ်ရက်အကြာမှာပဲ ​ဆီးရီးယား ​သမ္မတက ​အခုလို ​ပြောဆိုခဲ့တာပါ။

အနောက်တိုင်းနိုင်ငံတွေက ​အကြမ်းဖက်မှုကို ​အားပေးတဲ့အတွက် ​အကြမ်းဖက်သမားတွေကို ​ဖြိုခွင်းနိုင်မှာ ​မဟုတ်ဘူးလို့လည်း ​ဝေဖန်လိုက်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေက ​ဆီးရီးယား ​သူပုန်တွေကို ​ထောက်ပံ့နေတာကို ​ဆီးရီးယား ​သမ္မတက ​မကျေမနပ် ​ဖြစ်နေပြီး ​အစိုးရကို ​ဆန့်ကျင်တဲ့ ​သူပုန်တပ်ဖွဲ့မှန်သမျှကို ​အကြမ်းဖက်အဖွဲ့အဖြစ် ​သတ်မှတ်ထားတာ ​ဖြစ်ပါတယ်။

ဆီးရီးယား ​အစိုးရက ​ရုရှားနဲ့ ​ပေါင်းပြီး ​IS ​တွေရှိရာကို ​ပစ်မှတ်ထား ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့တယ်လို့ ​ကြေညာခဲ့ပေမယ့် ​အနောက်တိုင်းနိုင်ငံတွေကတော့ ​IS ​ကို ​ပစ်မှတ်ထားတာ ​မဟုတ်ပဲ ​အစိုးရကို ​ဆန့်ကျင်တဲ့ ​သူပုန်တပ်ဖွဲ့ကို ​ပစ်မှတ်ထား ​တိုက်ခိုက်ခဲ့တာလို့ ​ဝေဖန်ထားပါတယ်။

ရုရှားရဲ့ ​လုပ်ရပ်ဟာ ​သားသတ်သမား ​Bashar ​al-Assad ​ကို ​ထောက်ခံနေရာ ​ရောက်ပြီး ​ရုရှားအနေနဲ့ ​မှားတဲ့ ​ဘက်က ​ရပ်တည်နေတာလို့ ​ဗြိတိန် ​ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်က ​ပြောပါတယ်။

ဂျာမနီနိုင်ငံ ​ဝန်ကြီးချုပ်ကလည်း ​ရုရှားက ​ဆီးရီးယား ​အစိုးရနဲ့ ​ပူးပေါင်းနေတာကို ​ဝေဖန်လိုက်ပါတယ်။

ABC Radio Australia

မှတ်ချက်များ