တောမီးရှို့မှု အရေးယူဖို့ မလေးရှားတောင်းဆို



ဒေသတွင်းမှာ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေအောင် တရားမ၀င် တောမီးရှို့မှု ပြုလုပ်တဲ့ တာဝန်ရှိ ကုမ္ပဏီတွေကို အရေးယူသွားဖို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားအစိုးရကသာ အထောက်အထားတွေ ရှာဖွေစုဆောင်းနိုင်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေ အပြစ်ပေးအရေးယူနိုင်တယ်လို့ မစ္စတာ Razak က အီတလီကို ရောက်ရှိနေစဉ်အတွင်း ပြောကြားလိုက်ကြောင်း မလေးရှား ဘနားမား သတင်းမှာ ဖော်ပြပါတယ်။

မီးခိုးငွေတွေကြောင့် ကျန်းမာရေးစိုးရိမ်ရတဲ့အတွက် မလေးရှားမှာ ကျောင်း တော်တော်များများကို ၂ ရက်ပိတ်ထားပါတယ်။

အင်ဒိုနီးရှားမှာ စိုက်ပျိုးရေးအတွက် မြေယာတွေကိုရှင်းလင်းဖို့ မီးရှို့ကြတာ ဖြစ်ပြီး နှစ်စဉ် တောမီးရှို့တဲ့ရာသီအတွင်းမှာ စင်္ကာပူနဲ့ အင်ဒိုနီးရှားဒေသ အများအပြားဟာ ဆိုးရွားစွာထိခိုက်ကြရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုကတော့ ဒါဟာ အမြန်ဖြေရှင်းနိုင်ဖို့ ပြသနာမဟုတ်ပါဘူးလို့ ဘီဘီစီကို ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

တောမီးငြိမ်းသတ်ဖို့ တပ်ဖွဲ့ဝင်တွေအပါအ၀င် လူပေါင်း ၂ သောင်းကျော်ကို တပ်ဖြန့်ထားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

BBC Burmese

မှတ်ချက်များ