မေ့ချင်တာမေ့ပါ မဲပေးဖို့တော့မမေ့ပါနဲ့
ရွေးကောက်ပွဲ နီးလာလေလေ အာဏာကို လက်မလွှတ်လိုသူတွေ အတွက် အလုပ်များလေလေ ဖြစ်သည် ။ ငါးနှစ်လုံးလုံး ယခင်စစ်အစိုးရ ခေတ်အတိုင်း ထင်ရာစိုင်းချင်သလို စိုင်းခဲ့သူများ နေမထိထိုင်မသာ ဖြစ်လာကြသည်။ ယခင် စစ်အစိုးရအမွေခံ ဝန်ကြီးဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အများစုသာ ပါဝင်သည့် အာဏာရပါတီနှင့် အစိုးရအဖွဲ့သည် နိုင်ငံတကာနှင့် စီးပွားရေး ပိတ်ဆို့မှုများဒဏ်မှ လွတ်မြောက်ရန် သတင်းစာ လွတ်လပ်ခွင့် ပေးလိုက်ရသောကြောင့် နှစ်ပေါင်း ၅၀ အတွင်း ပုဂ္ဂလိက သတင်းစာများ၏ ဝေဖန်မှုကို အခံရဆုံး အစိုးရနှင့် ပါတီဖြစ်လာခဲ့သည် ။
စစ်ခေါင်းဆောင်ဟောင်းများ အတွက်ကတော့ မီဒီယာကနေ ကြိုက်သလိုသာ ဝေဖန်ပါစေ မဖြုံရေးချ မဖြုံပါ ။ သူတို့ကပင် မီဒီယာအချို့နှင့် တက်ကြွလှုပ်ရှားသူများကို တရားစွဲ ထောင်ချ အပြစ်ပေးလိုက်ကြသေးသည် ။ NLD ပါတီ၏ ကြွေးကြော်သံ "ပြောင်းလဲချိန်တန်ပြီ" ဆိုသည်ကိုတောင် သူတို့က သံယောင်လိုက်ကာ ဆင်တူယိုးမှား လုပ်ချင်သေးသည် ။ အပြောင်းအလဲပေါင်း များစွာ ဖော်ဆောင်ပေးခဲ့သည့် "အဘ" ကို မဲပေးကြရန် ပြောဆိုနိုင်ကြသေးတာကို မြင်ရကြားရသည့်အတွက် မပြောင်းလဲ နိုင်သေးသည့် စိတ်ဓာတ်ဟောင်းများကို ဩချယူရမည်ဖြစ်သည် ။
တစ်သက်လုံး မရိုးသားခဲ့သူများ ၊ တိုင်းပြည်နှင့် ဒေသအတွက် ဘာတစ်ခုမှ လှည့်မကြည့်ခဲ့သူများ ၊ မိမိအာဏာ တည်မြဲရေးမှလွဲ၍ ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ခဲ့သူများ ရွေးကောက်ပွဲ နားနီးလို့ နောက်ဆုံး ၂ လ ရောက်တော့မှ ကမန်းကတန်း ဆန်တွေ ၊ ဆီတွေ ထဝေကြသည် ။ တီဗီထဲတွင် လွှင့်နေသည့် နိုင်ငံတော်အဆင့် ဖွင့်ပွဲများတွင် တွေ့ရာလူကို လက်ထဲ ငွေစက္ကူ အထပ်လိုက်ကိုင်၍ မုန့်ဖိုးဆိုပြီး လျှောက်ပေးသည် ။ မှတ်ပုံတင် အခမဲ့ လုပ်ပေးသည်ဆိုသော အာဏာလက်ရှိဖြင့် အမတ်လောင်းတစ်ဦးပင် ပါသေးသည် ။ တကယ်ဆို စစ်ရေးရော အုပ်ချုပ်ရေး အတွေ့အကြုံပါ အတိုင်းထက်အလွန် သာနေသည့် အာဏာလက်ရှိ ပါတီခေါင်းဆောင်တွေ ဒီထက်မက တိုင်းပြည်အတွက် အပြောင်းအလဲကို အာမခံချက် ပေးသင့်သည်မှာ အမှန်ပင် ။
တကယ်တော့ သူတို့ကိုယ်သူတို့ မေ့သွားသည်ဆိုခြင်းက ပိုမှန်ပါလိမ့်မည် ။ အာဏာရှင်က မွေးဖွားပေးခဲ့သော ခေါင်းဆောင်သစ်များပီပီ ခိုင်းတာမှလွဲ၍ ဘာမှမလုပ်ရဲ ။ မတော် မှားသွားမှဖြင့် ချက်ချင်း အရပ်သားစစ်စစ်အဖြစ် ဘဝပြောင်းသွားနိုင်သည် ။ ပြည်သူ့အကျိုးအတွက် ၊ အများအတွက် မလုပ်ရဲရာကနေ နှစ်ပေါင်းများစွာ ကြာသောအခါ မလုပ်တတ် မကိုင်တတ်သည့် အဆင့်အထိ ရောက်သွားသည် ။ ထိုနည်းတူစွာပင် အုပ်ချုပ်ခံ ပြည်သူအပေါင်းသည်လည်း ရက်စက်သော စစ်အစိုးရ အဆက်ဆက်၏ နှိပ်ကွပ်မှုများကြောင့် မေ့လျော့ထားရတာတွေ များလွန်းပါသည် ။
သမိုင်းကို မေ့ထားလိုက်ပြီး ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်လိုက်မည်ဆိုလျှင် ဒီကနေ့ အာဏာရနေသော အစိုးရသည် ဒီမိုကရေစီနည်းဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကနေတစ်ဆင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့အစိုးရလို့ ဆိုနိုင်သည် ။ ကိုယ်တိုင်ကိုယ်ကျ မဲရုံကို လာထည့်သူတွေရဲ့ မဲတွေကို ရေတွက်ရင်း ပဏာမရလဒ်ကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရသော စစ်ဗိုလ်ဟောင်း မဟုတ်သော ကိုယ်စားလှယ်လောင်းတွေ မနက်လည်း မိုးလင်းရော ဘယ်က ရောက်လာမှန်းမသိသည့် ကြိုတင်မဲတွေကနေ ပြောင်းပြန်ရလဒ်ကို နောက်ဆုံးပိတ်အဖြစ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်လို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည့် လွန်ခဲ့သော ၅ နှစ်က အဖြစ်အပျက်ပေါင်း များစွာကို မေ့ထားလိုက်မည်ဆိုလျှင် လက်ရှိ လွှတ်တော်ကြီးသည် ပြည်သူ့လွှတ်တော်ကြီး ဖြစ်သည်ဟု ပြောနိုင်ပါသည် ။
နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အလောင်းကောင်တွေ မျောချင်တိုင်း မျောပါနေသည့် အချိန် ၊ နေစရာမရှိ စားစရာနတ္ထိနှင့် သေကွဲရှင်ကွဲ အကွဲကွဲ အပြားပြားဖြစ်သူ မိသားစု သိန်းချီနေသော ကာလတွင် နိုင်ငံတကာနှင့် ပြည်တွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးစားပေးအဖြစ် ခွင့်မပြုဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အတင်းအကျပ် ပြုလုပ်ခဲ့သည်ကို မေ့ထားလိုက်မည်ဆိုလျှင် မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီ နည်းကျကျ အတည်ပြုထားခဲ့သည်ဟု ပြောလို့ရသည် ။
အခြေခံဥပဒေ ရေးဆွဲရန်အတွက် ရည်ရွယ်ထားသော အမျိုးသားညီလာခံကြီးတွင် စစ်အစိုးရ စိတ်တိုင်းကျ ရွေးချယ်ထားသည့် ညီလာခံ ကိုယ်စားလှယ်များသာ အများစုအဖြစ် ပါဝင်သည်ကို မေ့ထားလိုက်မည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံသား အားလုံး၏ အကျိုးအတွက် ရည်ရွယ်၍ ရေးဆွဲထားသည်ဟု ပြောလို့ရသည် ။
အမျိုးသားညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံရေးဆွဲရာ၌ အခြေခံရမည့် မူအဖြစ် တပ်မတော်သည် အမျိုးသားနိုင်ငံရေး၏ ဦးဆောင်ကဏ္ဍတွင် ပါဝင်စေရမည်ဟု စစ်အာဏာရှင် ခေါင်းဆောင်ကြီးများ ကိုယ်တိုင် ချမှတ်ပေးခဲ့သည်ကို မေ့ထားလိုက်လျှင် ၂၀၀၈ အခြေခံဥပဒေသည် ချို့ယွင်းချက် အနည်းငယ်မှအပ ရွေးကောက်ပွဲ ဝင်စရာမလိုသည့် ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် လိုက်ဖက်သော ဥပဒေဟု ပြောနိုင်သည် ။ ၁၉၉၃ ခုနှစ်မှ စတင်သော အခြေခံဥပဒေ ရေးဆွဲသည့် အမျိုးသားညီလာခံသည် ၂၀၀၇ စက်တင်ဘာတွင်မှ ပြီးစီးသည့်အတွက် မလိုအပ်ဘဲ အချိန်ဆွဲကာ ပြည်သူအပေါင်းနှင့် နိုင်ငံတကာသို့ လှည့်စားမှု ၁၄ နှစ်နီးပါး ကြာမြင့်ခဲ့သည်ကို မေ့ထားနိုင်လျှင် အခြေခံဥပဒေအသစ်သည် အချိန်အတော်ယူကာ စေ့စေ့စပ်စပ် ရေးဆွဲခဲ့သည်ဟု ချီးကျူးရမည်ဖြစ်သည် ။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့က မဆလအစိုးရထံမှ အုပ်ချုပ်ရေးအာဏာကို သိမ်းယူခဲ့သော ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နဝတအမည်ဖြင့် အဖွဲ့သည် တပ်မတော်အစိုးရ ဖြစ်သည် ။ ၁၉၉၀ မေလတွင် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ် ပေးခဲ့သော်လည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ပြည်သူ့ကိုယ်စားလှယ်များကို လွှတ်တော် ခေါ်ယူခွင့် မပေးခဲ့သည်ကို မေ့ထားနိုင်သည်ဆိုလျှင် တပ်မတော်အစိုးရသည် ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးနိုင်သည့် လက်နက်ကိုင် အစိုးရ ဖြစ်သည်ဟု မှတ်ယူနိုင်သည် ။
ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေးမပေးနှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေး
နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်နေသည့် ၁၉၉၂ ခုနှစ် ဧပြီလ သင်္ကြန်အပြီးတွင် စစ်တပ်အတွင်းမှ လက်အောက်ငယ်သား အရာရှိကြီးများ စုပေါင်း၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နဝတအဖွဲ့ဝင်များက တပ်တွင်း အာဏာသိမ်းခဲ့သည်ကို မေ့လျော့ထားမည်ဆိုလျှင် တပ်မတော်သည် အထက်အမိန့်အတိုင်း လုပ်ကိုင် ဆောင်ရွက်လေ့ရှိသော အဖွဲ့အစည်းဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါသည် ။
၁၉၉၀ ပြည့်နှစ် မတိုင်မီက နိုင်ငံခြားတိုင်းပြည်များ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာများ အနည်းအကျဉ်းသာ ရှိခဲ့သော်လည်း ယနေ့ လက်ရှိကာလတွင် သိန်းပေါင်းများစွာသော အလုပ်လုပ်ကိုင်နိုင်သည့် မြန်မာများ နိုင်ငံရပ်ခြားတွင် အလုပ် သွားလုပ်နေကြရသည်ကို မေ့ထားလျှင် စစ်အစိုးရနှင့် စစ်အစိုးရအမွေခံ အရပ်သားအစိုးရ လက်ထက် ၂၇ နှစ်တာ ကာလအတွင်း ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ရေးသားသည်ကို ယုံကြည်လက်ခံရပါမည် ။
သမိုင်းဝင်ပုဂ္ဂိုလ်များ မွေးထုတ်ပေးခဲ့သော တက္ကသိုလ်ကျောင်းကြီးများကို မကြာခဏ ဆူဆူပူပူ လုပ်တတ်သော လူငယ်များစုဝေးရာ နေရာအဖြစ် သတ်မှတ်ကာ ပိတ်ပင်ခဲ့သည်မှာလည်း စစ်ရေးအမြင်ဖြင့် တစ်ဖက်သတ်ကြည့်သော စစ်ခေါင်းဆောင်များ၏ ထင်ရှားသော လုပ်ရပ်များအတွင်း တစ်ခုအပါအဝင် ဖြစ်သည် ။ အမည်အမျိုးမျိုးဖြင့် တက္ကသိုလ် ကျောင်းသစ်ပေါင်းများစွာ နိုင်ငံအနှံ့ တည်ဆောက်ဖွင့်လှစ်ရင်း နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များကို ကျောင်းသွားရာ လမ်းမပေါ်တွင် နာရီပေါင်းများစွာ ကုန်ဆုံးအောင် မြို့စွန်နယ်ဖျား၌ ကျောင်းတက်စေခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ ပညာရေးနှင့် စစ်ရေးအမြင်ကို မေ့ထားလိုက်မည်ဆိုလျှင် ဘွဲ့ရကျောင်းသား အရေအတွက်ဖြင့် တိုင်းတာသည့် ပညာရေးမူဝါဒ မှန်ကန်သည်ဟု လက်ခံပေးရပါလိမ့်မည် ။
သမိုင်းဆိုသည်မှာ မေ့ပျောက်အောင် လုပ်ထားလို့ ရကောင်းရနိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိသာ ရပါလိမ့်မည် ။ အကြောင်းပြချက်များကို တစ်ဖက်သတ် ပေးနိုင်သော်လည်း အပြန်အလှန် ဆွေးနွေးခွင့်တွေ ရလာသောအခါ အမှန်တို့သည် အမှားဇာတ်လမ်းများအဖြစ် သမိုင်းစစ် သမိုင်းမှန်များအသွင် တစ်ဖန်ပြန်ပေါ်လာကာ နောက်လူများအတွက် သင်ခန်းစာများအဖြစ် မားမားမတ်မတ် ကျန်ရစ်ပါလိမ့်မည် ။
မြန်မာ့သမိုင်းတွင် အမှောင်ခေတ်ပေါင်းများစွာ ရှိခဲ့သည် ။ အမှောင်ခေတ် ကုန်ဆုံးသောအခါ ပညာခေတ်သို့ တစ်ဖန်ပြန်ရောက်ရစမြဲပင် ဖြစ်သည် ။ အမှောင်ခေတ်တွင် တိုးတက်မှုမှန်သမျှ ဆုံးရှုံးခဲ့ရသော်လည်း အမှောင်ကုန်ဆုံး အလင်းရောက်သောအခါ ပညာသည်တို့နှင့် အမျိုးကောင်းသားတို့၏ စုပေါင်းအားဖြင့် နိုင်ငံတော်ကြီးကို တစ်ဖန်ပြန်လည် တင့်တယ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည် ။
မြန်မာလူမျိုးတို့သည် ပျော်ရွှင်မှုကို အလွန်အမင်း နှစ်သက်တတ်ကြသည်ဟု မြန်မာ့ယဉ်ကျေးမှုကို လေ့လာသူ အနောက်တိုင်းသားတို့က ရေးသားခဲ့ကြသည်ကို ဖတ်ခဲ့ရသည် ။ အမှန်တွင်မူ ပျော်ရွှင်မှုကို နှစ်သက်ကာ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသလို နာကြည်း ခါးသီးဖွယ်ရာတို့ကိုလည်း မေ့လွယ် ပျောက်လွယ်ကြသည် ။ နာစရာရှိသည်တို့ကို ကာယကံရှင်များမှအပ အခြားသူများက အလွယ်တကူ မေ့ပျောက်ပစ်ကြလေသည် ။ ထို့ကြောင့်ပင် အမှောင်ခေတ် ကုန်ဆုံးခါနီး ရောင်နီသန်းလာသော အချိန် အလင်းရောင် မသဲကွဲသောကာလ အာဏာရှင်တို့၏ နောက်ဆုံး တံတိုင်းဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေ၏ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲရက် မတိုင်မီအထိ နာကျင်စွာမျိုသိပ်ထားခဲ့ရင်း မေ့သလိုဖြစ်ခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရနိုင်အောင် အနည်းအကျဉ်း တို့ထိမိပါသည် ။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်မီအထိ မေ့ထားခဲ့ရသည့် ယူနီဖောင်းဝတ် စစ်ခေါင်းဆောင်များနှင့် ခေါင်းပေါင်း ၊ တိုက်ပုံဝတ် အငြိမ်းစား အာဏာရှင်များ၏ အတိတ်က လုပ်ရပ်များကြောင့် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အထွေထွေဖြင့် မြန်မာတစ်နိုင်ငံလုံး နာလန် ပြန်မထူနိုင်အောင် ဖြစ်ခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရမိပါသည် ။
တိုင်းပြည်အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် သူများကို လူကိုမကြည့် ပါတီကိုသာ ကြည့်ကာ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ (ကိုလိုနီခေတ်မှ လွတ်လပ်ရေးခေတ်သို့ အညင်သာဆုံး အပြောင်းအလဲ)တုန်းက တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကို တစ်ခဲနက် ထောက်ခံခဲ့ကြသလို ယခုလည်း ၂၇ နှစ်လုံးလုံး စစ်အာဏာရှင်စနစ်အောက်မှာ ကြံ့ကြံ့ခံ ရပ်တည်လာခဲ့သော အဖွဲ့ချုပ်နှင့် ကမ္ဘာ့အဆင့် ခေါင်းဆောင်ကိုသာ အားပေးထောက်ခံ အမှန်တံဆိပ်တုံး ရိုက်နှိပ်ပေးရပါလိမ့်မည် ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ဖြင့် အုပ်ချုပ်သောအခါက နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ဝန်ကြီး ရာထူးများတွင် စစ်ဗိုလ်ချုပ်ဟောင်းများကို အငြိမ်းစားယူစေ၍ အရပ်ဝတ်ဖြင့်သာ ရာထူးထမ်းဆောင်စေခဲ့သည် ။ ၁၉၈၈ ခုနှစ် နှောင်းပိုင်း နဝတအမည်ဖြင့် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့တွင် စစ်ဗိုလ်ချုပ်များ ယူနီဖောင်းဝတ် သေနတ်ခါးချိတ်ကာ တိုင်းပြည်အတွက် အရေးပါသော မူဝါဒပေါင်းများစွာကို ချမှတ်ခဲ့သည် ။
ယခင်က အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသော်လည်း လူမှုဘဝဖူလုံသည့် အကာအကွယ်များကြောင့် မိသားစုများ အေးချမ်းစွာ စုစုစည်းစည်း နေနိုင်သော်လည်း စစ်အုပ်ချုပ်ရေး နောက်ပိုင်း မတန်တဆ ဖောင်းပွလာသော ငွေကြေးကြောင့် မိသားစုဝင် အားလုံးနီးပါး အလုပ်လုပ်ကိုင်မှ စားနိုင်သောက်နိုင်သော အနေကျပ် အသေကျပ်ခေတ်ကို မသိချင်ယောင်ဆောင်မည် ဆိုပါက စက်ရုံအလုပ်ရုံနှင့် စီးပွားရေး လုပ်ငန်းသစ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့သော စစ်ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှုကို မှတ်တမ်းတင်ထားနိုင်ပါသည် ။
အမှန်တကယ်လည်း "ပြောင်းလဲဖို့ အချိန်တန်ပြီ" မှာကြာခဲ့ပြီ ဖြစ်သည် ။ သမိုင်းကိုသာ မေ့လျော့ချင် မေ့လျော့ပါလိမ့်မည် ။ စစ်ခေါင်းဆောင် အဟောင်းအသစ် အသီးသီး၏ ၁၉၆၂ ခုနှစ်မှစတင်၍ အသွင်မျိုးစုံ ၊ ပုံသဏ္ဍန်အဖုံဖုံ ဖန်ဆင်းကာ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်ရင်း မှားယွင်းသော စီမံခန့်ခွဲမှု ပုံစံအမျိုးမျိုးဖြင့် ဆင်းရဲတွင်း နက်သည်ထက်နက်အောင် လုပ်ခဲ့ပုံတို့ကို ဒီကနေ့ထိတိုင် ခံစားနေရသူ ပြည်သူအပေါင်းမှာ အသည်းနာ မဆုံးနိုင်အောင် ဖြစ်နေဆဲပင်ဖြစ်ပါ၏ ။ အာဏာရှင် လောင်းရိပ် မကင်းသည့် မည်သည့်ပါတီ အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်လောင်းကို မဆို အစိုးရဖွဲ့ခွင့်ကို မဆိုထားနှင့် လွှတ်တော်အတွင်းသို့ပင် အရောက်မခံနိုင်သည်မှာ နိုဝင်ဘာ ၈ ရက်နေ့တွင် အဆုံးအဖြတ်ပေးရမည့် အနာဂတ်အရေးပင် ဖြစ်ပါတော့သည် ။
လှမျိုးထွန်း / The Ladies News Journal

မှတ်ချက်များ