အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇရောဂါကြောင့် နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာတဲ့ကလေးငယ်


အလွန့် အလွန်ရှားပါးလှတဲ့ မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ပီရူးနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာခဲ့ပါတယ်။

Baby Angelito ( နတ်သားလေး) လို့ မိဘတွေက နာမည်ပေးထားတဲ့ အဆိုပါကလေးငယ်ကို Peru နိုင်ငံ၊ Chimbote မြို့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ကလေးအထူးကုဆရာဝန် Jose Castillo က Patau Syndrome လို့ ခေါ်တဲ့ အဆိုပါ ကိုယ်အင်္ဂါမူမမှန်တဲ့ရောဂါဟာ အလွန်တရာ ရှားပါးလှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မီးဖွားမှု ၁၀၀၀၀ ကနေ ၁၅၀၀၀ မှာမှ တစ်ကြိမ်သာ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိပဲ တိုက်ကျွေးထားတဲ့ အာဟာရကို ပုံမှန် စားနိုင်တာကြောင့် သူ့ ရဲ့ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းကလည်း ကောင်းမွန်စွာအလုပ်လုပ်တယ်လို့ ဆိုပါတယ်။

ကလေးရဲ့အဖေနဲ့ အမေဟာ မွေးပြီးကတည်းက ကလေးကုတင်ဘေးနားက မခွာဘဲ ကလေးငယ်ကို Nuevo Chimbote မှာရှိတဲ့ နေအိမ်ကနေ မိုင် ၃၀၀ ခန့် ဝေးတဲ့ မြို့ တော် Lima က ဆေးရုံဆီ ပို့ ဆောင်ခဲ့ကာ အဆိုပါ ဆေးရုံမှာ သာမန်နှာခေါင်းတစ်ခုထဲ ဖြစ်အောင်လို့ ခွဲစိတ်မှုခံယူရမှာဖြစ်ပါတယ်။

ဆေးရုံရဲ့ မွေးကင်းစကလေးငယ်စောင့်ရှောက်ရေးဌာနအကြီးအကဲ Carlos Arrestegu Ramos က
“ ကလေးလေးက အခုတော့ အသက်ရှူရတာ ခက်ခဲမှုမရှိပေမယ့်၊ ပလတ်စတစ်ဆာဂျရီလုပ်ဖို့ တော့ လိုမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ကလေးရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုက ကလေးရဲ့ခန္ဓာကိုယ်ကို တခြားဘာအကျိုးဆက်တွေ သက်ရောက်နေသလဲဆိုတာကိုတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။

Ye Wint - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ